စစ်ကောင်စီနဲ့ စောချစ်သူတို့ အကွဲအပြဲ လာရာနဲ့လားရာ

 

ဇန်နဝါရီ၊ ၂၃

စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGFကနေ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ အင် အား သုံးရာလောက်ဟာ BGFကို စွန့်ခွာပြီး သီးခြားရပ်တည်ကြတော့မယ်လို့ ထိုင်းမီဒီယာ Thai PBS North သတင်းဌာ နက မနေ့က ဖော်ပြလိုက်ပါတယ်။

ဒါဟာ ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်အပါအဝင် ဒေသတချို့မှာ မြို့သိမ်း၊စခန်းသိမ်း တိုက်ပွဲတွေဆက်တိုက် ဖြစ်နေ ချိန် အနည်းငယ်ငြိမ်သက်နေတဲ့ တောင်ပိုင်းစစ်ဒေသနဲ့ပတ်သက်ပြီး  လှုပ်လှုပ်ခတ်ခတ်ပြန်ဖြစ်သွားစေတဲ့ သတင်း တပုဒ်လည်းဖြစ်လာပါတယ်။

DKBA တပ်ဖွဲ့မှာ ဗျူဟာမှူးအဆင့် အရာရှိတဦးဖြစ်ခဲ့ဖူးတဲ့ ဗိုလ်မှူးကြီး စောချစ်သူဟာ စစ်ကောင်စီလက် အောက် ခံကရင်နယ်ခြားစောင့်တပ် BGF ဗဟိုရဲ့အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

သူ့အနေနဲ့ စစ်ကောင်စီကမက်လုံးပေးထားတဲ့ လစာနဲ့ ခံစားခွင့်တွေကို စွန့်လွှတ်လိုက်ပြီး သူနဲ့အတူ BGF တပ်ဖွဲ့ဝင်အင်အားသုံးရာလောက်က စစ်ကောင်စီကိုစွန့်ခွာခဲ့ကြတယ်လို့ ထိုင်းသတင်းက ရေးသားဖော်ပြခဲ့တာပါ။

“အဲဒီကိစ္စက မှန်ပါတယ်။သူတို့အဆင်မပြေ ဖြစ်နေတာ ကြာပြီလို့ ကြားတယ်” လို့ BGF တပ်ဖွဲ့နဲ့ နီးစပ်တဲ့ KNU အရာရှိတဦးကလည်း DNAကိုအတည်ပြုပါတယ်။

ဒါပေမဲ့ လက်ရှိ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ BGF အဖွဲ့က ကရင်အမျိုးသားအစည်းအရုံး(KNU)အပါအဝင်  တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းထားခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

“ပူးပေါင်းတာက မဟုတ်ပါဘူး၊ ဘာမှမသေချာပါဘူး” လို့ အထက်ပါကေအဲန်ယူ အရာရှိကဖြည့်စွက်ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်အုပ်စုထောက်ခံသူတွေက ဗိုလ်မှူးကြီး စောချစ်သူကိုပြင်းပြင်းထန်ထန်ဝေဖန်နေ ကြ တာတွေရှိပေမယ့်  BGFနဲ့ စစ်ကောင်စီဘက်ကတော့ တရားဝင်ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။

-ခံစစ်ပြင်နေသလား

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)က အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်း ရပ်တည်နေမှုကိုရပ်ဆိုင်းခဲ့ပြီးနောက်တချိန်တည်းမှာပဲ  ရွှေကုက္ကိုလ်မြို့သစ်မှာ ခံစစ်အတွက် အင်အားဖြည့် ပြင် ဆင်နေတယ်လို့ မနေ့က ထိုင်းမီဒီယာ Thai PBS North က ဖော်ပြထားပါသေးတယ်။

လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှေ့တန်းစစ်မျက်နှာပြင်မှာ လုံခြုံရေးယူနေတဲ့ BGF တပ်ဖွဲ့ဝင် တချို့ တပ်စွဲထားတဲ့နေရာကနေ ပြန်လည်ဆုတ်သွားတာရှိသလို တချို့ကတော့ ပုံမှန်အတိုင်း ဆက်ရှိနေဆဲပဲလို့ ကရင် ပြည်နယ်အခြေစိုက်တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

“ဒီတလော တချို့တိုက်ပွဲတွေမှာ ပူးပေါင်းအဖွဲ့ဘက်က ဝင်တိုက်ရင်တော့ BGF ဘက်က အလိုက်သင့် ဆုတ်ခွာ သွားတာမျိုးတော့ ရှိတယ်” လို့ ကရင်ပြည်နယ်က တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ အမည်မဖော်လိုတဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်(PDF) ရဲဘော် တဦးက DNA ကို ပြောပါတယ်။

-ဗိုလ်မှူးကြီးစောချစ်သူဆိုတာ ဘယ်သူလဲ

၁၉၈၈ ခုနှစ်အရေးတော်ပုံကြီးအပြီး ကျင်းပတဲ့ ၁၉၉၀ ပြည့်နှစ်မှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီချုပ်ပါတီအနိုင်ရခဲ့ပေမယ့် အဲဒီတုန်းက အာဏာသိမ်းစစ်တပ်က အာဏာ လွှဲမပေးခဲ့ဘဲ သူတို့စိတ်ကြိုက် အခြေခံဥပဒေတရပ်ရေးဆွဲခဲ့ပါတယ်။

တချိန်တည်းမှာပဲ UWSA၊ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ လည်း အပစ်ရပ်ခဲ့ ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတုအယောင်ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ဒီချုပ်မပါတဲ့ ရွေးကောက်ပွဲကျင်းပပြီး သူတို့နောက်ခံပြုထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတဆင့် အာဏာဆက်လက်ဆုပ်ကိုင်ထားဖို့ကြံစည်ထားတဲ့ စစ်တပ်ဟာ ၂၀၀၉ ခုနှစ်မှာအပစ်ရပ်သဘောတူထားတဲ့ တိုင်း ရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်(BGF) အသွင်းပြောင်းဖို့ ဖိအားပေးခဲ့ပါတယ်။

စစ်တပ်ရဲ့ ဖိအားပေးမှုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့  KNU ကရင်ဗဟိုဌာနချုပ်၊ KIO/KIA ကချင်တပ်၊ UWSA ဝ တပ်၊ မွန်ပြည်သစ်ပါတီ NMSP နဲ့ ဗိုလ်နှုတ်ခမ်းမွှေး ခေါင်းဆောင်တဲ့ DKBA တပ်ရင်းတွေ ကတော့ လက်ခံခဲ့ခြင်းမရှိပါဘူး။

ဒါပေမဲ့ စောချစ်သူ ဦးဆောင်တဲ့ DKBA တပ်ရင်း ၁၃ ၊ ကိုးကန့်တပ်(MNDAA) ကနေ ခွဲထွက်လာတဲ့ ပယ်ဆောက် ချိန်ရဲ့ ပြည်သူ့စစ်အဖွဲ့၊ ဇခုန်တိမ်ယိမ်းရဲ့ NDAK ကချင်တပ်၊ KNU တပ်မဟာ ၆ က စောသမူဟဲ ဦးဆောင်တဲ့ ဟော သရော ကရင်တပ်၊ ကလလတ ကရင်နီတပ်တို့ဟာ စစ်ကောင်စီလက်အောက်ခံနယ်ခြား စောင့်တပ်တွေ အဖြစ် အသွင်ပြောင်းခဲ့ကြပါတယ်။

စောချစ်သူဟာ DKBA တပ်ဖွဲ့မှာ ဗျူဟာမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ရာကနေ စစ်တပ်နဲ့ပူးပေါင်းပြီး BGF ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်လာခဲ့တာပါ။နောက်ပိုင်းမှာတော့ ဗိုလ်မှူးကြီးစောချစ်သူရဲ့မိခင်တပ်ရင်းဖြစ်တဲ့ DKBA တပ်ဖွဲ့ဟာ အဖွဲ့ကွဲတွေပေါ်ပေါက်လာပြီး BGF တပ်ဖွဲ့ထဲဝင်သူတွေလည်းရှိလာခဲ့ပါတယ်။

အဲဒီတပ်ဖွဲ့တွေထဲက ၁၉၉၄ ခုနှစ်မှာ စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းခဲ့တဲ့ ကလ လတလို့ ခေါ်တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF ဟာ အာဏာသိမ်းပြီးနောက် တော် လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းတပ် ပထမဆုံး BGF တပ်ဖွဲ့ဖြစ်လာပါတယ်။

-နိုင်ငံတကာဒဏ်ခတ်မှု

မြဝတီမြို့ တောင်ဘက်မှာ တည်ရှိတဲ့ KK Park မြို့သစ်စီမံကိန်း အွန်းလိုင်းလောင်းကစားရုံနဲ့ ဧကသုံးသောင်းနီးပါး အကျယ်အဝန်းရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းတို့ဟာ နိုင်ငံတကာစာမျက်နှာတွေမှာ နာမည်ဆိုးနဲ့ ကျော်ကြား တဲ့ အွန်းလိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်တဲ့နေရာအဖြစ် လူသိများပါတယ်။

တရားမဝင်အွန်လိုင်းလောင်းကစားဝိုင်းလုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံတိုင်းမှူးအဆင့်တွေ၊ ကရင် နယ်ခြားစောင့်တပ် BGF စောချစ်သူတို့နဲ့အတူ တရုတ်နိုင်ငံသားအများစုက ပိုင်ဆိုင်ကြတာဖြစ်ပါတယ်။

အဲဒီအတွက်လည်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေအတွင်း လူကုန်ကူးမှုတွေ ကျူးလွန်ရာမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ် ကိုးဦးနဲ့ အဖွဲ့အစည်း ငါးခုကို ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပါတယ်။

ပိတ်ဆို့အရေးယူခံရသူတွေထဲမှာ  ဗိုလ်မှူးကြီး စောချစ်သူနဲ့ သူဦးဆောင်တဲ့ ချစ်လင်းမြိုင်ကုမ္ပဏီက ဒါရိုက်တာ တဦးဖြစ်တဲ့ စောမင်းမင်းဦးအပြင် တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင် ရှီဇီကျန်းလည်း ပါဝင်ပါတယ်။

 သူတို့ဟာ  ကာစီနိုလုပ်ငန်းတွေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အများစုရှိနေတဲ့ မြဝတီမြို့အနီးက ရွှေကုက္ကို အထူးစီးပွားရေးဇုန် ဖော်ဆောင်နေသူတွေ ဖြစ်တယ်လို့လည်း ပိတ်ဆို့အရေးယူတဲ့ကြေညာချက် မှာ ဖော်ပြထား ပါတယ်။

-ကျားဖြန့်တိုက်ဖျက်ရေးနဲ့ စောချစ်သူအကျပ်အတည်း

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းမြောက်က ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှု လုပ် ငန်းနဲ့ပတ်သက်သူတွေကို ထိထိရောက်ရောက်နှိမ်နင်းမှာဖြစ်တယ်လို့ သတိပေးထုတ်ပြန်ပြီးနောက် အဲဒီလုပ်ငန်း မှာ ပါဝင်ပတ်သက်တဲ့သူတွေ ဖမ်းဆီးတာ၊ ဖမ်းဝရမ်းထုတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ညီနောင်သုံးဖွဲ့ရဲ့ စစ်ရေးဖိအားပေးမှုကို ရပ်တန့်စေလိုတာ၊ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေ ကိုလျှော့ချလိုတာ တွေ  ကြောင့် စစ်ကောင်စီဟာလည်း ရှမ်းမြောက် ကျားဖြန့်အရေးကိုကိုင်တွယ်ပြခဲ့ပြီး သူ့ရဲ့မဟာမိတ်တွေလို့ဆိုနိုင် သူ တွေကိုပါ ဖမ်းဆီးအရေးယူမှုတွေလုပ်ပြခဲ့ရပါတယ်။

ဒီလိုမျိုး ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်လောက်ကိုင်မှာ ကျားဖြန့်ဂိုဏ်းတွေကို တရုတ်အစိုးရရဲ့ ဖိအားပေးမှုနဲ့ အတူ ဖြိုခွင်းမှုတွေရှိလာချိန် ထိုင်း-မြန်မာနယ်စပ်ဒေသထဲက အလားတူ ငွေလိမ်ဂိုဏ်းတွေအရေး ဖြေရှင်းဖို့ ဖိအား ပေးခံရမှုတွေရှိလာပါတယ်။

ဒီလိုဖိအားပေးခံရမှုတွေရှိလာပြီးနောက် စစ်ကောင်စီဘက်ကလည်း နိုင်ငံတကာအစိုးရတွေနဲ့အတူ အွန်းလိုင်း လောင်းကစားလုပ်ငန်းကို တိုက်ဖျက်မှာ ဖြစ်ကြောင်း ထုတ်ပြောလာသလို ကရင်လက်နက်ကိုင်အဖွဲ့တခု ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကလည်း တိုက်ဖျက်သွားမှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြောလာပါတယ်။

စောချစ်သူနဲ့ စစ်ကောင်စီတို့ကြား လက်ရှိအခြေအနေတွေပေါ်ပေါက်ခင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ၁၂ရက်မှာ အာ ဏာသိမ်းစစ်ခေါင်းဆောင်ဟာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ အွန်လိုင်းကနေတွေ့ ဆုံဆွေး နွေး ခဲ့ပါတယ်။

အဲ့ဒီနောက် သီတင်းပတ်နှစ်ခုကျော်အကြာ ဒီဇင်ဘာ ၂၇ရက်မှာ ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေးညွှန် ကြားရေးမှူး ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို လာရောက်ပြီး မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြန်ပါတယ်။ 

ဒီဆွေးနွေးမှုနှစ်ခုလုံးမှာ နယ်စပ်ဒေသတည်ငြိမ်ရေးအပြင်၊အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုတွေကို ပူးပေါင်းတိုက်ဖျက်ကြဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေမှာဖော်ပြပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူကို နေပြည်တော် လာရောက်တွေ့ဆုံဖို့အာဏာသိမ်းစစ်ခေါင်းဆောင်က ဖိတ်ခေါ်ခဲ့ ပေမယ့် ငြင်းပယ်ပြီး စစ်ကောင်စီကိုစွန့်ခွာပြီဆိုတဲ့အကြောင်းသာ တုံ့ပြန်ခဲ့တာလို့ Thai PBS North သတင်းဌာနက ဖော်ပြ ခဲ့ပါတယ်။

စစ်ခေါင်းဆောင်နဲ့ ထိုင်းစစ်တပ်အကြီးအကဲတွေ ဆက်တိုက်ဆိုသလို တွေ့ဆုံဆွေးနွေးခဲ့ကြတာ၊စောချစ်သူကို နေပြည်တော်ကို လာဖို့ဖိတ်ခေါ်တာနဲ့ ခံစစ်ပြင်နေပြီဆိုပြီး သတင်းမှာဖော်ပြတာတွေကိုကြည့်ရင် လက်ရှီအခြေ အနေတွေဟာ စောချစ်သူနဲ့ပတ်သက်နေတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့ ယူဆစရာရှိနေပါတယ်။

ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ စောချစ်သူဦးဆောင်တဲ့ BGF အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ကနေ နုတ် ထွက်ကာ သူတို့အတွက် အကျိုးရှိစေတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ ကြိုးစားလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါ တယ်။

ဒါပေမယ့် နိုင်ငံတကာက ပြောထားတဲ့အတိုင်း ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့တစိုက်မတ်မတ် လုပ်လာရင် တော့ တော်လှန်ရေးအင်အားစုတွေကလည်း ပူးပေါင်းမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက သုံးသပ်ပါတယ်။

“တရုတ်ကရော၊ ထိုင်းကရော အမှန်တကယ်လုပ်တယ်လို့ ယုံကြည်ရင်တော့ သူတို့(BGF)ကို တခြားအဖွဲ့တွေက ပူး ပေါင်းဖို့ အစီအစဉ်က ရှိမှာမဟုတ်ဘူးထင်ပါတယ်” လို့သူကပြောပါတယ်။

“ဘေးကျပ်နံကျပ်ဖြစ်လာရင် တခုခုတော့ သူတို့ လုပ်မှာပေါ့။ နာမည်ဆိုးနဲ့ ကျော်ကြားနေတော့အဖွဲ့အစည်းပေါ င်း စုံနဲ့ ရန်ဖြစ်မှာမဟုတ်ဘူး”လို့ ဦးဖေသန်းက ဖြည့်စွက် ပြောပါတယ်။

-ရှမ်းမြောက်က ပြည်သူ့စစ်ကျဆုံးခန်း

ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတော် လုံခြုံရေးအရ အင်အားဖြည့်ပေးနေတဲ့ အင်အားစုတရပ်ဖြစ်ပြီး လေးစားအသိအမှတ်ပြုတယ်လို့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က ရှမ်းမြောက်ပြည်သူ့စစ် ခေါင်းဆောင် တွေနဲ့ တွေ့ဆုံချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်က ပြည်သူ့စစ်တွေ ကြီးစိုးရာ လောက် ကိုင်အပါအဝင် ဒေသအများစုကို ကိုးကန့်၊ တအာင်းနဲ့အေအေမဟာမိတ်သုံးဖွဲ့က ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အဲဒီ ဒေသအခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့ဝင် အများအပြားလက်နက်ချခဲ့ပါတယ်။

စစ်တပ်ကကျောထောက်နောက်ခံပေးထားပြီး အင်အားလည်းတောင့်တင်းတဲ့ ရှမ်းမြောက် ပြည်သူ့စစ်အဖွဲ့တွေရဲ့ ကျဆုံးခန်းကို မြင်တွေ့ရပြီးနောက် စောချစ်သူဦးဆောင်တဲ့ BGF တပ်ကပါ စစ်ကောင်စီကိုစွန့်ခွာပြီလို့ ထုတ်ပြောခဲ့ တာပါ။

စစ်ကောင်စီကိုစွန့်ခွာသွားတဲ့ စောချစ်သူရဲ့တပ်ဖွဲ့ဟာ သူတို့ပိုင်နက်အတွင်း ခံစစ်ပြင်နေပြီလို့ ထိုင်းသတင်းက ဖော် ပြခဲ့ပေမယ့် စစ်ကောင်စီအနေနဲ့ စောချစ်သူအပါအဝင် ကရင်ပြည်နယ်ထဲက လက်နက်ကိုင်အင်အားစုတွေကို အ ငြှိုးထားပြီး စစ်ရေးဖော်ဆောင်ဖို့လည်း အင်အားမရှိဘူးလို့ လေ့လာသူတွေကသုံးသပ်ကြပါတယ်။

“သူတို့(စစ်တပ်)ကုန်ပြီးဗျ။လုပ်နိင်မဲ့ အင်အားလည်း ကုန်ပြီလေ၊ တနိုင်ငံလုံးကို စစ်မျက်နှာဖွင့်ထားရပြီး အရူးမီး ဝိုင်းဖြစ်နေတဲ့ကာလမှာ တနေရာထဲကို ဖိပြီး စစ်ဆင်ရေးလုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူး”လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။

အာဏာသိမ်းအပြီး လက်နက်ကိုင်တော်လှန်ရေးတွေကြောင့် တနိုင်ငံလုံးစစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီ တပ် ဟာစစ်မျက်နှာတိုင်းမှာ လေကြောင်း၊ လက်နက်ကြီးအင်အားကိုသာ အားသာ ချက်ရယူနေရတာဖြစ်ပါတယ်။

-အနာဂတ်မရှိတဲ့ အဖွဲ့

အင်အားသုံးထောင်ကျော်ရှိတဲ့ ကရင်နယ်ခြားစောင့်တပ်တွေ အခုလို နုတ်ထွက်သွားတာက စစ်ကောင်စီအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခုဖြစ်ပေမဲ့ တော်လှန်ရေးအတွက် အထောက်အကူပြုမလားဆိုတာ ပြောဖို့ စောနေသေး တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

“ကျွန်တော်တို့နယ်မြေမှာက သူတို့(BGF)တွေ ရှိနေတုန်းပဲ၊ ပါလာရင်တော့ ကောင်းတာပေါ့၊ ကေအဲန်ယူအောက် ကနေ သွားတော့ ကေအဲန်ယူရဲ့ သဘောထားအတိုင်းပါပဲ” လို့ ကရင်ပြည်နယ်မှာ တိုက်ပွဲ ဝင်နေတဲ့ PDF တပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ရဲ့အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ စောချစ်သူက သူ့လက်အောက်ခံအင် အားသုံးရာလောက်နဲ့အတူ စစ်ကောင်စီကိုစွန့်ခွာသွားတယ်ဆိုပေမယ့် DKBA အပါအဝင် တချိန်က ကရင်လက် နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ BGF အများစုကတော့ စစ်ကောင်စီလက်အောက်ခံတွေအဖြစ် ဆက် ရှိနေဆဲပါ။

စစ်ကောင်စီနဲ့အကွဲအပြဲတွေဖြစ်နေပေမယ့် ဗိုလ်မှူးကြီးစောချစ် သူဟာ မူးယစ် ဆေးဝါး၊ လောင်းကစားနဲ့ အကျင့် ပျက်ခြစားမှုတွေနဲ့ပတ်သတ်နေတာကြောင့် အခုလို အခြေ အနေ က ကရင်ပြည်နယ်အတွင်း စစ်ရေးအခြေ အနေ အပြောင်းအလဲတခုဖြစ်လာဖို့ ခဲယဉ်းတယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့ လာသူတွေက သုံးသပ်ပါတယ်။

“အဲဒီဒေသမှာ တစုံတရာသော စစ်ရေးလှုပ်ရှားမှုမျိုး ပေါ်ပေါက်လာနိုင်ပေမယ့် ကြီးကြီးမားမား မဖြစ်လာနိုင်ဘူး” လို့ဝါရင့်နိုင်ငံရေး၊ စစ်ရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

စောချစ်သူ ဦးဆောင်တဲ့ BGF အဖွဲ့ဟာ သူ့အကျိုးစီးပွားမထိခိုက်ဖို့နဲ့ သူထိန်းချုပ်ထားတဲ့နယ်မြေမှာသာ ခံစစ် အသွင်ပြင်ထားမှာဖြစ်ပြီး အဲဒီနယ်မြေကို အေကဲန်ယူဘက်က သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းတာမျိုးတော့ရှိ လာနိုင် တယ်လို့ သူကဆိုပါတယ်။

“သိပ်ကြီးမားတဲ့ အတိုင်းအတာမဟုတ်ဘဲနဲ့ဒေသအဝန်းအဝိုင်းတခုမှာပဲ (BGF)က ခံစစ်ကတုတ်ပြင်နေမှာပဲ၊ ရေ ရှည်ရပ်တည်နိုင်ဖို့ မလွယ်တဲ့အဖွဲ့ ၊အနာဂတ်မရှိတဲ့ အဖွဲ့အစည်းတခုဖြစ်လာနိုင်တယ်လို့ မြင်တယ်” လို့ ဦးသန်းစိုး နိုင်က ပြောပါတယ်။