ဆားလင်းကြီးက စစ်ကောင်စီတပ်‌ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၁၇ ဦးထက်မနည်း သေဆုံး

ဇန်နဝါရီ၊ ၂၃
 
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့မှာ နေအိမ်တွေကို မီးရှို့ပြီး ဒေသခံနှစ်ဦးကို သတ်ဖြတ်သွားတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်သား ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကာ လက်နက်ခဲယမ်း တချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
“ သူတို့ဘက်က ၁၇ ဦးသေတာကတော့ မျက်မြင်ပဲ။ အခုလက်ရှိလည်း အလောင်းတွေ့တဲ့သူက တွေ့တုန်းရှိသေးတယ် ” လို့ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူက DNA ကို ပြောပါတယ်။
 
အင်အား ရှစ်ဆယ်ဝန်းကျင်ပါ အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီလ ၂၂ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာ ဆားလင်းကြီး နယ်ကနေဆင့် လက်တောင်းငယ်ကျေးရွာ အနီးကို စစ်ကြောင်းထိုးနေစဉ်မှာ ကျောက်လုံးကြီး PDF တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
 
အဲဒီလို ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်က ရဲဘော်ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်တွေဘက်က MA (3)တလက်၊ RPG အဖူးလေးဖူး၊ ၆၀ မမ အဖူး လေးဖူး၊ ၄ဝ မမ ဗုံးသီး ၁၅ လုံး၊ ၅ ဒဿမ ၅၆ ကျည် အတောင့် နှစ်ထောင်ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီစစ်ကြောင်းက ပုလဲနယ်ကနေ မုံရွာမြို့ကို ဆားလင်းကြီးကတဆင့် သွားရောက်ကာ တပ်အပြောင်းအလဲ ပြုလုပ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကစပြီး အခုလို ပြန်လည် စစ်ကြောင်းထိုး လာခဲ့ကြတာလို့ ဒေသကာကွယ်ရေးတပ်တွေက ဆိုပါတယ်။
 
အဲဒီလို တပ်ပြောင်းလဲပြီးနောက် ဆားလင်းကြီးနယ်မှာ သုံးရက်တိတိ စစ်ကြောင်းထိုးခဲ့ပြီး အဲဒီမှာရှိတဲ့ ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံနှစ်ဦးကိုလည်း သတ်ဖြတ်သွားခဲ့သေးတာပါ။
 
အခုလက်ရှိအဲဒီစစ်ကြောင်းက ပုလဲမြို့နယ်ထဲကို ဆက်လက် စစ်ကြောင်းထိုးနေပြီး ဒေသခံလေးထောင်ကျော်လောက် စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – KLG PDF