ဆိုမာလီယာက စစ်ဆင်ရေး တခုမှာ ပျောက်ဆုံးခဲ့တဲ့ Navy Sealနှစ်ဦး သေဆုံးသွားပြီလို့ အမေရိကန် စစ်တပ် ကြေညာ

ဇန်နဝါရီ၊ ၂၂

ဆိုမာလီယာ ကမ်းလွန်က စစ်ဆင်ရေး တခုအတွင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန် ရေတပ် အထူးကွန်မန်ဒို (Navy Seal) နှစ်ဦး သေဆုံးသွားပြီလို့ အမေရိကန် စစ်ရေးဗဟို ကွပ်ကဲရေး ဌာန (CENTCOM)က ၁၀ ရက် အကြာမှာ ကြေညာလိုက်ပါတယ်။ 

Navy Seal နှစ်ဦးကို ၁၀ ရက်လုံးလုံး အပူတပြင်း လိုက်လံ ရှာဖွေခဲ့ကြောင်း၊ ဘယ်လိုမှ သတင်းအစအန မရတော့တဲ့နောက် သူတို့အတွက် အခြေအနေ သတ်မှတ်ချက်ကို ပျောက်ဆုံးနေဆဲ ဆိုတာကနေ သေဆုံးသွားပြီလို့ ပြင်ဆင် ပြောင်းလဲလိုက်ကြောင်း ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုတွေကို လေးစားတဲ့ အနေနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လောလောဆယ် မထုတ်ပြန်နိုင်သေးဘူးလို့လည်း CENTCOMရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အမေရိကန်ဟာ ဂျပန်နဲ့ စပိန် စစ်တပ်တွေရဲ့ အကူအညီကိုပါ ယူပြီး စတုရန်းမိုင် ၂၁၀၀၀ ကျော်လောက် ဧရိယာကို ဖြန့်ကျက် ရှာဖွေခဲ့ပေမယ့် Navy Sealတွေရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ခဲ့ရပါဘူး။ အဲဒီ အထူးကွန်မန်ဒိုတွေဟာ ယီမင်နိုင်ငံဆီ ဦးတည်တဲ့ ရေယာဉ် တစီးပေါ်မှာ အီရန်က တရားမဝင် တင်ပို့တဲ့ လက်နက်တွေကို တက်ရောက် စီးနင်း ရှာဖွေရင်း ပျောက်ဆုံးသွားခဲ့တာပါ။ တဦးက လှိုင်းရိုက်လို့ ပင်လယ်ထဲ ပြုတ်ကျသွားပြီး တဦးက သူ့ကိုကယ်ဖို့ ခုန်ဆင်းသွားခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း အမေရိကန် ရေတပ်က ဆိုပါတယ်။

အမေရိကန်ဟာ ဆိုမာလီယာမှာ အယ်လ်ရှာဘက်ဘ် စစ်သွေးကြွ အုပ်စုရဲ့ ခြိမ်းခြောက်မှုတွေကို တွန်းလှန်ဖို့ စစ်သည်အင်အားတချို့ ဆက်လက် ဖြန့်ကျက်ထားပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု ဆိုမာလီယာ အစိုးရကို ဖြုတ်ချဖို့ အစဉ်တစိုက် ကြိုးစားနေတဲ့ အယ်လ်ရှာဘက်ဘ်တွေကို အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။

 

Ref: CNN