ပလက်ဝကနေ အိန္ဒိယဘက်ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရခိုင်မှာ ပြန်လည်တိုက်ပွဲဝင်နေ

ဇန်နဝါရီ၊ ၂၂
 
ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝဒေသ တိုက်ပွဲတွေကနေ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးရာကျော်ထဲက အများစုဟာ ရခိုင်ဒေသ စစ်မျက်နှာမှာ တိုက်ပွဲပြန်ဝင်နေပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ မနေ့က စစ်ရေးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
ပလက်ဝဒေသ တိုက်ပွဲတွေအတွင်း အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ရာဝန်းကျင်အထိ ရှိခဲ့တာဖြစ်ပြီး အတည်ပြုနိုင်တဲ့ အချက်အလက်တွေအရ ဇန်နဝါရီ ၁၇ ရက်မှာ နောက်ဆုံးအသုတ် အနေနဲ့ ၂၇၈ ဦး တဖက်နိုင်ငံထဲ ထွက်ပြေးခဲ့ကြတာပါ။
 
အဲဒီမတိုင်မီ နှစ်လလောက်အတွင်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးရာလောက်ရှိတယ်လို့ အိန္ဒိယဘက်က ပြောထားပါတယ်။
 
အဲဒီလို ထွက်ပြေးသွားသူတွေကို စစ်ကောင်စီက အိန္ဒိယအစိုးရနဲ့ ညှိနှိုင်းကာ ပြည်တွင်းကို ပြန်လည်ခေါ်ယူခဲ့ပြီးနောက် ရခိုင်ဒေသ ရှေ့တန်းစစ်မျက်နှာပြင်တွေကို ပြန်လည်စေလွှတ်ခဲ့တဲ့သဘော ဖြစ်ပါတယ်။
 
မြန်မာ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ဝင်ရောက်ခိုလှုံခွင့်ပေးတာ၊ ပြန်လည်ခေါ်ယူခွင့်ပေးလိုက်တာ စတာတွေကြောင့် အိန္ဒိယအစိုးရဟာ စစ်ကောင်စီနဲ့ အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
 
လက်ရှိမှာ ပလက်ဝမြို့နယ် တခုလုံးအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတခုလုံးကို ထိန်းချုပ်နိုင်ပြီလို့ ရခိုင့်တပ်တော် AA က ကြေညာထားကာ ရခိုင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။
 
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်မှာ နှစ်ဖက်အပစ်ရပ်ခဲ့ရပြီးနောက် အခြားနေရာကို ရွေ့လျားသွားတဲ့ ပုံစံမျိုးဖြစ်လာပြီး ရခိုင့်တပ်တော် AA အနေနဲ့ စစ်ကောင်စီရဲ့ ကြည်း၊ ရေး၊ လေ ပူးပေါင်း တိုက်ခိုက်မှုတွေကြားကနေ စခန်းသိမ်းတိုက်ပွဲတွေအပြင် တန်ပြန်ထိုးစစ်တွေကို ဗျူဟာမြောက် ဆင်နွှဲနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းကို ရေလမ်းကနေလည်း စစ်သင်္ဘောကြီးတွေနဲ့ လက်နက်၊ ခဲယမ်း၊ လူအင်အားတွေ ဆက်လက်ဖြည့်တင်းနေတာကြောင့် တိုက်ပွဲတွေဟာ နောက်ရက်တွေမှာ အခုထက် ပိုမိုပြင်းထန်လာဖွယ် ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
 
ရခိုင့်တပ်တော် AA ဟာ လက်ရှိရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာလည်း စစ်ကောင်စီရဲ့ အရေးပါတဲ့ စခန်းတွေနဲ့ တပ်ရင်းဌာနချုပ်တချို့ကိုပါ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေကာ စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်အတွင်း ဒေသအများစုကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ဒီဇင်ဘာလကုန်ပိုင်းက ပလက်ဝကနေ အိန္ဒိယဘက် ထွက်ပြေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့။​