အိမ်ခြေ နှစ်ရာကျော် မီးရှို့ခံထားရတဲ့ ညောပြင်ရွာခံတွေ အကူအညီလိုအပ်

ဇန်နဝါရီ၊ ၁၇
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နှစ်ကြိမ်ဝင်ရောက် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် နှစ်ရာကျော် ပျက်စီးဆုံးရှုံးထားတဲ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာက ရွာခံတွေ အကူအညီ လိုအပ်နေကြပါတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
” လာလှူနေကြတာတွေတော့ တော်တော်များတယ်။ စားစရာတွေရော၊ အဝတ်အစားတွေရော၊ လောလောဆယ်တော့ အဲဒါတွေနဲ့ပဲ ဝတ်နေ၊ စားနေတာ၊ လှူမယ့်လူမရှိရင်တော့ တော်တော်အဆင်မပြေဖြစ်ကြမှာပဲ ” လို့ နေအိမ်မီးရှို့ခံလိုက်ရတဲ့ ညောပြင်ရွာခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
 
လောင်းလုံးမြို့ရဲ့ တောင်ဘက် မိုင်သုံးဆယ်ခန့်အကွာမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ကပ်လျက်ရှိတဲ့ ညောပြင်ရွာထဲကို ဇန်နဝါရီ ၈ ရက်၊ ညနေပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ် ၉၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။
 
ညောပြင်ရွာနဲ့ အနီးတဝိုက် တောထဲမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)တွေရဲ့ စခန်းတခုကို ရှာဖွေတွေ့ရှိပြီး မီးရှို့ခဲ့ပြီးနောက် ညောပြင်ရွာထဲကို အခုလိုဝင်ရောက်မီးရှို့ခဲ့တာလို့ သိရပါတယ်။
 
အလားတူပဲ အိမ်ခြေသုံးရာထက်မနည်းရှိတဲ့ အဲဒီ ညောပြင်ရွာထဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လထဲကလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နေအိမ်တရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ဖူးပါတယ်။
 
“ကျမတို့လည်း ပေါ့သွားတာ။ ရွာနားစစ်တပ်ရောက်နေပြီကြားတာနဲ့ မှတ်ပုံတင်တွေတောင် မယူလာမိဘူး ။ထွက်ပြေးလာတာ၊ ပိုက်ဆံနည်းနည်းပဲ ယူလာနိုင်တယ်။ကျန်တာ အကုန်ပါသွားတာပဲ” လို့လည်း အထက်ပါ အမျိုးသမီးက ပြောပါတယ်။
 
အရင်က အဝတ်အထည်တွေ ချုပ်လုပ်ရောင်းချတဲ့လုပ်ငန်းနဲ့ အသက်မွေးပြီး ငွေကြေးအဆင်ပြေပြေရှိခဲ့တဲ့ အဲဒီအမျိုးသမီးဟာ လက်ရှိမှာတော့ မီးရှို့ခံရတဲ့အထဲမပါတဲ့ တခြားဆွေမျိုးတွေရဲ့ အိမ်မှာ ခိုလှုံနေထိုင်နေရတယ်လို့ သိရပါတယ်။
 
“အရင်ကဆို သူများကိုတောင် ပိုက်ဆံထုတ်ချေးထားသေးတာ။ အကြွေးရမယ့်လူတွေရဲ့ အိမ်တွေလည်း မီးရှို့ခံရတော့ အကြွေးလည်း မတောင်းရက်တော့ဘူး။ဘဝတူတွေမို့၊ အခုက ကျမမှာတောင် အကြွေးပြန်တင်နေပြီ” လို့လည်း သူက ပြောပါတယ်။
 
နေအိမ်မီးရှို့ခံရတဲ့သူတချို့ကတော့ တခြား မိသားစုဝင်တွေ၊ အသိမိတ်ဆွေတွေရဲ့နေအိမ်တွေမှာ နေထိုင်နေကြပေမယ့် အများစုကတော့ ရွာအနီး ဥယျဉ်ခြံတွေထဲမှာပဲ တဲထိုးနေထိုင်နေကြတယ်လို့ သိရပါတယ်။
 
“လက်လုပ်လက်စားတွေဆို ပိုဆိုး(ခက်ခဲ)ကြတာပေါ့။ ဘာမှမကျန်တော့တာ၊ ပိုက်ဆံချေးပေးတဲ့လူတွေလည်းရှိတယ်။ ပြီးရင် အလုပ်လုပ်ပြီးပြန်ဆပ်ကြပေါ့” လို့လည်း နောက်ထပ်ရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။
 
ရွာခံအများစုက ပင်လယ်ပြင်မှာ တပိုင်တနိုင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ပြီး အသက်မွေးကြတဲ့ ညောပြင်ရွာမှာ ဒေသအတွင်း နာမည်ကျော် ဖိုးဖိုးကျောက်ကမ်းခြေရှိပြီး အာဏာမသိမ်းခင်ကတော့ လာရောက်လည်ပတ်သူတွေနဲ့ ပုံမှန်စည်ကားခဲ့ပါသေးတယ်။
 
စစ်အာဏာသိမ်းပြီး တနှစ်လောက်အကြာမှာတော့ ရွာနဲ့ ငါးမိုင်ခန့်အကွာ ကျောက်နီမော်ရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ရွာထဲကို မကြာခဏ ဝင်ရောက်လာပြီး ရွာခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်လာတာကြောင့် ရွာခံတချို့ ထားဝယ်မြို့ပေါ်နဲ့ တခြားနေရာတွေမှာ ပြောင်းရွှေ့နေထိုင် နေကြပါတယ်။
 
“ရှိတာတွေကိုလည်း စားဖို့အတွက်ပဲ ချန်ထားတယ်။ ဝတ်ဖို့အတွက်တော့ လှူတာနဲ့ပဲ ဝတ်တယ်။ လာလှူသမျှအကုန်ယူတယ်။ ဘာမှလည်းရှက်မနေတော့ဘူး” လို့လည်း နေအိမ်မီးရှို့ခံလိုက်ရတဲ့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
 
လက်ရှိမှာတော့ ညောပြင်ရွာခံတွေကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၊ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က အဓိက ဦးဆောင်ကူညီပေးနေတယ်လို့ သိရပါတယ်။
 
“စားနပ်ရိက္ခာနဲ့ ဆေးဝါးကတော့ တောက်လျှောက်လိုနေတော့မှာ။ စစ်ကြောင်းဝင်တော့ လူမှုစီးပွားအကုန်ပျက်ပြီး ပြည်သူတွေလည်း အကုန်ခက်ခဲနေကြတာသိပါတယ်။ ဒါပေမယ့် ဆန်တဗူးနိုင်ရင် တဗူးလှူပေးကြစေချင်တယ်” လို့ DDMSC ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
 
ညောပြင်ရွာထဲ အခုလို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကတည်းက လောင်းလုံးမြို့ရဲ့ အောက်ဘက်ပိုင်း ကျေးရွာတွေကို တရွာဝင်တရွာထွက် စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး သုံးပတ်အတွင်း တခြားရွာ ခုနစ်ရွာက နေအိမ် သုံးဆယ်ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီတပ်တွေ နှစ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့တဲ့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ညောပြင်ရွာခံတွေကို ကူညီပေးနေကြစဥ်။