ဇန်နဝါရီ၊ ၁၆
မြောက်ကိုရီးယားက နောက်ဆုံး စမ်းသပ်ခဲ့တဲ့ ဒုံးကျည်ဟာ အမေရိကန်ရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကို ကျော်လွှားနိုင်စွမ်းမျိုး ပိုင်ဆိုင်ဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စမ်းသပ်ခဲ့တဲ့ တာလတ်ပစ် ဒုံးကျည်ဟာ လောင်စာခဲ နည်းပညာ အသုံးပြုထားတဲ့ ဟိုက်ပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်တဲ့ အမျိုးအစားလို့ ကြွေးကြော်ခဲ့ပါတယ်။ ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆ ပိုများတဲ့ မြန်နှုန်းကို ဆိုလိုပြီး ဟိုက်ပါဆောနစ် စစ်လက်နက်တွေကို သမားရိုးကျ လေကြောင်း ကာကွယ်ရေး စနစ်တွေနဲ့ ကြားဖြတ် ဟန့်တားဖို့ မဖြစ်နိုင်သလောက်နီးပါး ခက်ခဲပါတယ်။
စစ်ရေး သုတေသီ တချို့ကတော့ မြောက်ကိုရီးယားရဲ့ အဆင့်အလိုက် ခွဲထွက်တဲ့ တွန်းကန် အင်ဂျင်သုံး ဒုံးကျည်တွေဟာ ရှိရင်းစွဲ အမေရိကန် လေကြောင်း ကာကွယ်ရေး စနစ်တွေနဲ့ ကြားဖြတ် ပစ်ချဖို့ အရမ်းခက်ခဲလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အဲဒီ အခြေအနေ အတိုင်းသာ မှန်ကန်ရင် မြောက်ကိုရီးယား ဒုံးကျည်တွေဟာ အမေရိကန်နဲ့ ဒေသတွင်း မဟာမိတ်တွေကို အကြီးအကျယ် ခြိမ်းခြောက်လာနိုင်မယ့် သဘောပါပဲ။
ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ မြန်နှုန်းမြင့်မြင့် ပျံသန်းနိုင်တဲ့အပြင် ဒုံးခွင်းဒုံး စနစ်တွေကို ရှောင်ကွင်းဖို့အတွက် အရမ်း ပေါ့ပါးဖျတ်လတ်တဲ့ လမ်းကြောင်းပြောင်း ရွေ့လျားနိုင်စွမ်းတွေပါ ပိုင်ဆိုင်လေ့ ရှိပါတယ်။ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ဟာ အဲဒီ ဟိုက်ပါဆောနစ် စစ်လက်နက်တွေကို အဆင့် မြင့်သထက် မြင့်အောင် အပြိုင်အဆိုင် ကြိုးစား တီထွင်နေကြပါတယ်။
နောက်ပြီး လောင်စာခဲ အသုံးပြု ဒုံးကျည် အင်ဂျင်တွေဟာ ပိုပြီး ပေါ့ပါးလျင်မြန်တဲ့ ရွေ့လျားပျံသန်းမှုမျိုးကို ထပ်လောင်း အထောက်အပံ့ ဖြစ်စေတာကြောင့် မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှုဟာ အမေရိကန်အတွက် အတော် အလေးအနက် ထားရမယ့် ခြိမ်းခြောက်မှုမျိုးလို့ အမေရိကန်နိုင်ငံ၊ ကာနယ်ဂျီ ငြိမ်းချမ်းရေး ဖွံ့ဖြိုးမှု ဌာနရဲ့ သုတေသီ အန်ကစ် ပန်ဒါးက ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို ရန်သူအဖြစ် ပီပီပြင်ပြင် သတ်မှတ်လာသလို တောင်ကိုရီးယားရဲ့ ရန်လိုမှုတွေကြောင့် နှစ်နိုင်ငံ ရင်ကြားစေ့ ပေါင်းစည်းရေးကို နောက်ထပ် ဘယ်တော့မှ ကြိုးစားတော့မှာ မဟုတ်ကြောင်း ကြုံးဝါးထားပါတယ်။
Ref: Business Insider