တနေ့တာ ထူးခြားသတင်းများ

ဇန်နဝါရီ ၊ ၁၅ 

#ရသေ့တောင်မှာစစ်သားတရာ့ငါးဆယ်ဝန်းကျင်AAဖမ်းမိ

#ကိုးကန့်ဒေသအတွင်းစစ်ကောင်စီရဲ့အမိန့်ညွှန်ကြားချက်တွေကိုMNDAA ဖျက်သိမ်း

#ပလက်ဝဒေသတခုလုံးကိုထိန်းချုပ်နိုင်ပြီလို့AAကြေညာ

#ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်ကိုတိုက်ရိုက်မတုံ့ပြန်ရဲတဲ့စစ်ကောင်စီကမီဒီယာကိုအပြစ်တင်

#အဆိုတော်မောင်မောင်ကြီးကွယ်လွန်

#မုန်းမြို့တိုက်ပွဲအတွင်းဖမ်းမိတဲ့သုံ့ပန်းတွေကိုကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့KNUပြော

#စစ်တွေမြို့အနီးကတောကန်ရွာစစ်ကောင်စီမီးရှို့လို့ရွာလုံးကျွတ်နီးပါးပျက်စီး

ဒီကနေ့ ဇန်နဝါရီ (၁၅)ရက်မှာ ရရှိတဲ့ တနေ့တာ သတင်းဖြစ်ရပ်တွေထဲကထူးခြားတဲ့သတင်းတချို့ကို DNA က စု စည်းဖော်ပြပေးလိုက်ပါတယ်။

၁။ ရသေ့တောင်မှာစစ်သားတရာ့ငါးဆယ်ဝန်းကျင် AA ဖမ်းမိ

ရသေ့တောင်မြို့နယ် ရေစိုးချောင်းဗျူဟာအပါ အ ဝင် အနီးတဝိုက်စခန်းတွေကထွက်ပြေးလာကြတဲ့ အင်အား နှစ် ရာဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၁၅၀ နီးပါးအရှင် ဖမ်း ဆီးရမိခဲ့တယ်လို့ AAနဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ရေစိုးချောင်းဗျူဟာ၊ အမျက်တောင်တပ်စခန်းတို့မှာ အထိုင်ချနေခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇန်ဝါရီ ၁၃ ရက်ညကတည်းကမညှင်းတောင်ရွာစခန်းကို ရွေ့လာပြီး အဲဒီကနေတဆင့် မယူမြစ် ကြောင်းအတိုင်း စစ်ရေယာဉ် နဲ့ ထွက်ပြေးဖို့ ကြိုးစားကြတာလို့ ဆိုပါတယ်။

အဲဒီလို ထွက်ပြေးဖို့ ကြိုးစားတဲ့ စစ်ကြောင်းကို AA က ဝန်းရံပိတ်ဆို့ကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့မနက် ခြောက်နာရီဝန်းကျင်ကနေ နေ့လယ်ပိုင်းအထိ ပစ်သတ်သံတွေကြားခဲ့ရတယ်လို့ အနီးဝန်းကျင် ဒေ သခံတွေက ပြောကြပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား လေးဆယ်ဝန်းကျင်လည်း သေဆုံးခဲ့တယ်လို့ နီးစပ်တဲ့ဒေသခံတွေက ပြောကြပေမယ့် DNA က သီးသန့်အတည်ပြုလို့တော့ မရသေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ခိုက်မခံရချင်ရင် ကြိုတင် အလံဖြူထောင်လက်နက်ချကြဖို့နဲ့ လမ်းဖွင့် ပေးဖို့ တောင်းဆိုနိုင်ပြီး နောက်ဆုံးအချိန်ရောက်မှ လမ်းဖွင့်ပေးဖို့တောင်းဆိုရင် အရှင်ဖမ်းမိတဲ့ သုံ့ပန်းအဖြစ်ပဲ သတ်မှတ်မယ်လို့ AA ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကသူ့ရဲ့လူမှုကွန်ရက်ကနေရေးသားပြောဆိုထားပါတယ်။

ရသေ့တောင်မြို့ရဲ့မြောက်ဘက် ကျောက်တန်းတိုက်နယ်၊ ရေစိုးချောင်းဗျူဟာတဝိုက်ဟာ ပြီးခဲ့တဲ့ တိုက်ပွဲကာလ တွေတုန်းက AA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ဒေသတွေဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ် မယူမြစ်အနောက်ဘက်ကမ်း (မယူကမ်း)မှာရှိတဲ့ စေတီပြင်ရွာထိပ်၊ ရွာအနီးရှိ စ ခန်းနှစ်ခုတို့ က စစ်ကောင်စီတပ်သားတွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက စခန်းစွန့်ထွက်ပြေးသွားခဲ့ကြပါသေးတယ်။

 

၂။ကိုးကန့်ဒေသအတွင်း စစ်ကောင်စီရဲ့အမိန့်ညွှန်ကြားချက်တွေကိုMNDAA ဖျက်သိမ်း

လောက်ကိုင်အပါအဝင် ကိုးကန့်ဒေသတခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ပြီးနောက် ကိုးကန့်တပ် MNDAA က  စစ် ကောင်စီလက်အောက်ခံ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အမိန့်၊ညွှန်ကြားချက်တွေကို ဖျက်သိမ်း တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ လက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့တို့ကထုတ်ပြန်ထားတဲ့ တခြားအမိန့်တွေအပါအဝင် တိုက်ပွဲကာလအတွင်းထုတ်ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်တွေကိုပါ ပယ်ဖျက်လိုက် တယ်လို့ MNDAA ကြေညာချက်မှာဖော်ပြပါတယ်။

ကိုးကန့်ဒေသ အထူးဒေသ(၁)အတွင်း မူလဥပဒေနဲ့နည်းဥပဒေတွေကို ပြန်လည်ကျင့်သုံးမှာဖြစ်ပြီး မရှင်းလင်းတာ တွေရှိရင် MNDAA ရဲ့ ဒေသဆိုင်ရာ အစိုးရဌာနတွေနဲ့ ဆက်သွယ်တိုင်ပင်ဖို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာ ၂၇ရက်မှာ ၁၀၂၇ စစ်ဆင်ရေးစတင်ကြေညာပြီး မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ရှမ်းမြောက်မှာ စစ်ကောင်စီကို ထိုးစစ်ဆင်ခဲ့တဲ့နောက် ဇန်နဝါရီ ၅ရက်မှာ လောက်ကိုင်ဒေသတခုလုံးကိုပြန်လည် သိမ်းပိုက်နိုင်ပြီလို့ MNDAA ကကြေညာခဲ့ပါတယ်။

လောက်ကိုင်မြို့အခြေစိုက် ထောင်ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့အပြီးမှာ MNDAA ဟာ အထူး ဒေသ(၁)အဖြစ် သတ်မှတ်ထားတဲ့ ကိုးကန့်ဒေသတခုလုံးကို ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။အဲ့ဒီနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်မှုအရ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်တွေ ရှမ်းမြောက်မှာယာယီအပစ်ရပ်ဖို့သဘောတူ ထားကြပါ တယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီဟာ ကိုးကန့်ဒေသအပါအဝင် တရုတ်-မြန်မာနယ်စပ်မြို့တွေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့နယ်အထိ တိုက်ပွဲဖြစ်နေ တာ၊စစ်ရေး မငြိမ်သက် မှုရှိနေတာတွေကြောင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့ပါတယ်။

၃။ ပလက်ဝဒေသတခုလုံးကိုထိန်းချုပ်နိုင်ပြီလို့ AA ကြေညာ

ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့ကို အလုံးစုံ သိမ်းပိုက်၊ ထိန်း ချုပ်ထားပြီး ပလက်၀ ဒေသတခုလုံးဟာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီလို့ ရက္ခိုင့်တပ်တော် (AA)က မနေ့ကညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

တပ်မမှူး နှစ်ဦး အထိုင်ချ ကွပ်ကွဲတဲ့ ပလက်၀မြို့‌ပေါ် (၂၈၉) တပ်ရင်း ဌာနချုပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက် ကတည်းက သိမ်းပိုက်ရထားခဲ့တာဖြစ်ပြီး ‌မနေ့ကတော့ လက်ကျန်စခန်းတွေအားလုံးကို ရှင်းလင်း နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသ တကျော့ပြန်တိုက်ပွဲတွေ စကတည်းက ပလက်၀မြို့နယ်အတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေခဲ့ပြီး နှစ်လအကြာမှာ မြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။

အခုအခါ ပလက်၀မြို့တွင်း ရဲစခန်း၊ ဌာနဆိုင်ရာရုံး တွေအားလုံးမှာ နေရာယူ၊ ထိန်းချုပ်ထားတယ်လို့ AA က ဓါတ်ပုံ တွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

ရခိုင့်တပ်တော် AA ဟာ ပလက်ဝဒေသတခုလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီရဲ့ ဗျူဟာကုန်း ခြောက်ခုနဲ့ တပ်ရင်းဌာနချုပ် နှစ်ခုအပါအဝင် စခန်းပေါင်း နှစ်ဆယ်ကျော်ကို နှစ်လအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါ တယ်။

အဲ့ဒီလိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အထဲမှာ ၂၀၂၀ခုနှစ်တုန်းက AA ကတလခွဲနီးပါးထိုးစစ်ဆင်ခဲ့ပေမယ့် စခန်းမသိမ်း နိုင်ခဲ့တဲ့ မီးဝဗျူဟာ စခန်းကုန်းလည်းပါဝင်ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်လောက်က အပြင်းအထန်ထိုးစစ်ဆင်ပြီး မအောင်မြင်ခဲ့တဲ့ အဲ့ဒီဗျူဟာကုန်းကို  အခုတကြိမ်ထိုး စစ်မှာတော့ ငါးရက်ကြာ တိုက်ခိုက်ပြီးသိမ်းပိုက်နိုင်ခဲ့တာလို့ AA က အသိပေးဖော်ပြထားပါတယ်။

ပလက်၀ဒေသတိုက်ပွဲအတွင်း သံချပ်ကာကား တစီး၊ အတွဲလိုက်ပစ်ဒုံးကျည်၊ ဟောင်၀စ်ဇာ အမြောက် စတဲ့ စစ် လက်နက်တွေအပါအ၀င် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်း ရခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိ တပ်မမှူး နှစ်ဦး အပါအ၀င် စစ်တပ်အရာရှိ ဆယ်ချီကိုလည်း အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။

AA ရဲ့ထုတ်ပြန်ချက်မှာတော့ အဲဒီအချက်ကို ဖော်ပြထားခြင်း မရှိသေးပါဘူး။ပလက်၀မြို့ပေါ် (၂၈၉) တပ်ရင်းမှာ စကခ (၁၉) နဲ့ တပ်မ (၁၁) တို့မှ တပ်မမှူးတွေကိုယ်တိုင် အထိုင်ချကွပ်ကွဲအုပ်ချုပ်နေခဲ့တာပါ။

 

၃။ မုန်းမြို့တိုက်ပွဲအတွင်းဖမ်းမိတဲ့သုံ့ပန်းတွေကိုကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့KNU ပြော

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊မုန်းမြို့တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံသူတွေနဲ့ ဖမ်းမိခဲ့တဲ့စစ်ကောင်စီ တပ်ဖွဲ့ ဝင်သုံ့ပန်းတွေကို စစ်သုံ့ပန်းဥပဒေတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ အသိပေးထားပါတယ်။

မုန်းမြို့ပေါ်က စစ်ကောင်စီစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို KNU လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ PDF အပါအဝင် တ ခြား မဟာမိတ်တပ်ဖွဲ့တွေက နိုဝင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ ထိုးစစ်ဆင်ပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ တာဖြစ်ပါတယ်။

အဲ့ဒိတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦးလက်နက်ချခဲ့ပြီး တပ်မိသားစုဝင် ၄၂ဦးကိုတော့ တိုက်ပွဲဖြစ် နေချိန် လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုတွေကနေ ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါတယ်။

အဲ့ဒီစစ်သုံ့ပန်းတွေကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်တွေကိုချိုးဖောက်ခြင်းမရှိဘဲ လူသားတဦးရဲ့ ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်ရပ်တည်နိုင်ရေး ကူညီစောင့်ရှောက်ပေးထားတယ်လို့ KNU ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ စစ်ရေးအရေးနိမ့်မှုတွေကြောင့် အဘက်ဘက်ကဆုတ်ယုတ်လာချိန်မှာ ဝါဒ ဖြန့်ချိရေးယန္တရားတွေကိုသုံးပြီး လူမျိုးရေး၊ဘာသာရေးဝါဒမှိုင်းတွေနဲ့သတင်းမှားတွေကိုဖြန့်ဝေလာတာကြောင့် ပြည် သူတွေအနေနဲ့ သတိပြုကြဖို့လည်း KNUက သတိပေးထားပါတယ်။

စစ်ကောင်စီစာ သတင်းမှားတွေနဲ့ ဝါဒမှိုင်းတွေကိုသုံးပြီး တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် ပြည်သူတွေအထင် မှားအောင် ကြံစည်လုပ်ဆောင်လာတာကြောင့် သတင်းအချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးမှုတွေ လုပ်ဖို့ KNU ကတိုက်တွန်းထားပါတယ်။

၄။ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်ကိုတိုက်ရိုက်မတုံ့ပြန်ရဲတဲ့စစ်ကောင်စီကမီဒီယာကိုအပြစ်တင်

စစ်ကောင်စီဟာ အပစ်ရပ်သဘောတူညီချက်ကိုချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ ညီ နောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီက ညီနောင်သုံးဖွဲ့ကို တုံ့ပြန်မှုမလုပ်ဘဲ အဲ့ဒီ ထုတ်ပြန် ချက်ကိုဖော်ပြတဲ့ မီဒီယာတွေကိုသာ သတင်းအမှားဖြန့်ဝေတယ်လို့ စွပ်စွဲပါတယ်။

ရှမ်းမြောက်မှာ အပစ်ရပ်သဘောတူညီချက် အသက်ဝင်ပြီး နောက်တရက်ကနေ မနေ့က အထိ စစ်ကောင်စီဘက် က ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်၊TNLAရဲ့ သတင်းထုတ် ပြန်ချက်တို့မှာ ဖော်ပြထားတာပါ။

အပစ်ရပ်သဘောတူချက် စတင်အသက်ဝင်တဲ့ ဇန်နဝါရီ ၁၂ရက်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဆက်လုပ်ခဲ့သလို ကျောက်မဲမြို့နယ်မှာ ထိတွေ့တိုက်ပွဲလည်းဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် နောက်ရက်တွေမှာလည်း စစ်ကောင်စီဘက်က ရှမ်းမြောက်ဒေသအတွင်း လက်နက်ကြီးပစ်ခတ်တိုက် ခိုက်မှုတွေဆက်လက်ရှိနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က တရားဝင်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲ့ဒီဖော်ပြချက်ကို သတင်းဌာနတွေက သတင်းအဖြစ် ပြန်လည်ဖော်ပြကြတာနဲ့ပတ်သက်လို့ ဒါဟာ သတင်း အမှားတွေကိုဖော်ပြတာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်၊စစ်ကောင်စီရဲ့အဲ့ဒီထုတ်ပြန်ချက်မှာ ညီနောင်သုံးဖွဲ့ အပေါ် တိုက်ရိုက်တုံ့ပြန်ဖြေရှင်းထားတာမျိုးမရှိပါဘူး။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်ကောင်းထွက်တဲ့အပေါ် မနာလို တာကြောင့် မီဒီယာတွေက သတင်းအမှားဖော်ပြတာလို့ စစ်ကောင်စီကဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အပစ်ရပ်သဘောတူညီချက်ရချိန်ကစလို့ သဘောတူညီချက်တွေအတိုင်း ဆောင်ရွက်နေတယ် လို့လည်း ဖော်ပြထားပါတယ်။

၅။ အဆိုတော်မောင်မောင်ကြီး ကွယ်လွန်

မြန်မာသံ ဂန္တဝင်တေးသီချင်းတွေနဲ့ ထင်ရှားတဲ့ အဆိုတော် (ဦး)မောင်မောင်ကြီးဟာ ရန်ကုန်မြို့မှာ ဒီကနေ့  ကွယ် လွန်သွားတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၉၂နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်မောင်မောင်ကြီးဟာ “အချစ်ကိုဘယ်လိုပြောရမယ်” “သစ်ခြောက်ပင်အောက်ပန်းကောက်သူ” “အကျည်းတန်ချစ်သူ” “ကွမ်းတောင်ကိုင်”စတဲ့ ခေတ်ဟောင်း ဂန္တဝင် သီချင်းတွေနဲ့ ထင်ရှားတဲ့ မြန်မာသံစဉ်အဆိုတော်ကြီးတဦးဖြစ်ပါတယ်။

လွတ်လပ်ရေးမရမီ တနှစ်အလို ၁၉၄၇ ခုနှစ်မှာ ဂီတနယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့တဲ့အဆိုတော်မောင် မောင်ကြီး ဟာ မြဝတီ၊မြန်မာ့အသံရုပ်မြင်သံကြားဌာနတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသလို တေးဂီတစိစစ်ရေးဘုတ်အဖွဲ့ဝင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံးနာယက၊ဆိုကရေးတီပြိုင်ပွဲ ဒိုင်အဖွဲ့ဝင် စတဲ့ ဂီတအဖွဲ့အစည်းဆိုင်ရာတာဝန်တွေကို လည်းထမ်းဆောင်ခဲ့ဖူးပါတယ်။

မြန်မာသံစဉ် ပရိသတ်တွေကတော့ မကြာသေးမီက ဂန္တဝင်အဆိုတော် တဦးဖြစ်တဲ့ (ဒေါ်)မာမာအေး ကွယ်လွန် ခဲ့သလို သူ့ရဲ့ ရက်လည်ဆွမ်းသွတ်နေ့မှာ နောက်ထပ် ဂန္တဝင်အဆိုတော်တဦးထပ်မံကွယ်လွန်ခဲ့တာကြောင့် ဝမ်း နည်းရကြောင်း လူမှုကွန်ရက်တွေမှာ ရေးသားဖော်ပြနေကြပါတယ်။

၆။ မုန်းမြို့တိုက်ပွဲအတွင်းဖမ်းမိတဲ့သုံ့ပန်းတွေကိုကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့KNU ပြော

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊မုန်းမြို့တိုက်ပွဲအတွင်းလက်နက်ချအညံ့ခံသူတွေနဲ့ ဖမ်းမိခဲ့တဲ့စစ်ကောင်စီ တပ်ဖွဲ့ ဝင်သုံ့ပန်းတွေကိုစစ်သုံ့ပန်းဥပဒေတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ အသိပေးထားပါတယ်။

မုန်းမြို့ပေါ်ကစစ်ကောင်စီစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို KNU လက်အောက်ခံတပ်ဖွဲ့တွေနဲ့ PDF အပါအဝင် တ ခြား မဟာမိတ်တပ်ဖွဲ့တွေကနိုဝင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ ထိုးစစ်ဆင်ပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ တာဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦးလက်နက်ချခဲ့ပြီး တပ်မိသားစုဝင် ၄၂ဦးကိုတော့ တိုက်ပွဲဖြစ်နေချိန်လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုတွေကနေဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါတယ်။

အဲ့ဒီစစ်သုံ့ပန်းတွေကိုအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါအချက်တွေကိုချိုးဖောက်ခြင်းမရှိဘဲလူသားတဦးရဲ့ ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်ရပ်တည်နိုင်ရေးကူညီစောင့်ရှောက်ပေးထားတယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာစစ်ရေးအရေးနိမ့်မှုတွေကြောင့်အဘက်ဘက်ကဆုတ်ယုတ်လာချိန်မှာဝါဒဖြန့်ချိရေးယန္တရားတွေကိုသုံးပြီးလူမျိုးရေး၊ဘာသာရေးဝါဒမှိုင်းတွေနဲ့သတင်းမှားတွေကိုဖြန့်ဝေလာတာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုကြဖို့လည်း KNUက သတိပေးထားပါတယ်။

စစ်ကောင်စီစာ သတင်းမှားတွေနဲ့ဝါဒမှိုင်းတွေကိုသုံးပြီး တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် ပြည်သူတွေအထင် မှားအောင်ကြံစည်လုပ်ဆောင်လာတာကြောင့် သတင်းအချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးမှုတွေ လုပ်ဖို့KNU ကတိုက်တွန်းထားပါတယ်။

၇။ စစ်တွေမြို့အနီးက တောကန်ရွာစစ်ကောင်စီမီးရှို့လို့ရွာလုံးကျွတ်နီးပါးပျက်စီး

စစ်တွေမြို့နဲ့ ငါးမိုင်လောက်အကွာမှာ တည်ရှိတဲ့ တောကန်ရွာထဲကို စစ်ကောင်စီတပ်သားတွေက ဒီနေ့မနက် ပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အင်အား ငါးဆယ်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းတခုဟာ မနက်ကိုးနာရီဝန်းကျင်လောက်မှာ တောကန် ရွာ ထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ နေအိမ်တွေကို ဓါတ်ဆီလောင်း မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ တတိယပတ်ကလည်း တောကန်ရွာထဲကို စစ် ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး နေအိမ်နဲ့ အဆောင်တချို့ကို မီးရှို့ကာ ရွာသားတွေပိုင်တဲ့ စပါးနဲ့ ဆန်အိတ် တထောင်ကျော်ကိုလည်း သိမ်းယူသွားခဲ့ကြပါသေးတယ်။

နေအိမ်တရာကျော်၊ လူဦးရေတထောင်ဝန်းကျင်ရှိတဲ့ တောကန်ရွာမှာ စစ်ကောင်စီတပ်က မီးရှို့လို့ လူနေအိမ် တရာနီးပါးအထိ ပျက်စီးသွားပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီဟာ ရခိုင်ဒေသတိုက်ပွဲတွေစကတည်းက စစ်တွေမြို့တွင်း အဝင်အထွက်တွေကို ကန့်သတ်ခဲ့ပြီး မြို့အနီးဝန်းကျင်ပတ်လည်လူနေကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာ၊ ဖမ်းဆီးတာ၊ မီးရှို့ဖျက်ဆီး တာတွေ ဆက်တိုက်လုပ်နေခဲ့တာကြောင့် သောင်းချီတဲ့ဒေသတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်ကလည်း စစ်တွေမြို့နဲ့ လေးမိုင်ဝန်းကျင်အကွာ၊ စစ် ကောင်စီရေတပ်စခန်းအနီးမှာရှိတဲ့ ခမောင်းတောနဲ့ ရဲရိုးပြင်ရွာတို့ကို ဝင်ရောက်မီးရှို့ခဲ့ပြီး နေအိမ်တရာကျော် ပျက်စီးခဲ့ရကာ ရွာသားတွေအားလုံးလည်း တိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတော့့ အဲ့ဒီမီးရှို့မှုတွေကို ရခိုင့်တပ်တော် AA ဘက်က ကျူး လွန်တာလို့ တုံ့ပြန်စွပ်စွဲကာ စစ်ကောင်စီတပ်သားတွေက မီးရှို့တယ်ဆိုတာ  သတင်းအမှားလို့ ဖော်ပြကြပါတယ်။