မြောက်ဦးကနေ စခန်းစွန့်ထွက်ပြေးတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရလို့ အထိနာ၊ နှစ်ဆယ်နီးပါးလက် နက်ချ

ဇန်နဝါရီ ၁၃

မြောက်ဦးမြို့အနီးမှာရှိတဲ့ လင်းမွေတောင်စခန်းကနေ စခန်းစွန့်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့ ညနေပိုင်းက ကြားဖြတ်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးသူတွေရှိသလို နှစ်ဆယ်နီးပါးလက်နက်ချကာ လက်နက် ခဲယမ်းတွေလည်း အများအပြားရရှိတယ်လို့ AA နဲ့နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

“ကိုယ့်ဘက်(AA)က ဖြတ်တိုက်တာ အများကြီးသေတယ်၊ အလင်း၀င်တာလည်း နှစ်ဆယ်နီးပါးရှိမယ်၊ ထွက်ပြေး တာ သိပ်မလွတ်လိုက်ဘူး” လို့ အဲ့ဒီသတင်းရင်းမြစ်က DNA ကို ပြောပါတယ်။

မြောက်ဦးမြို့မြောက်ဘက် တိမ်ညိုကျေးရွာအနီးက လင်းမွေတောင်မှာ စခန်းချခဲ့တဲ့ အင်အားတရာကျော် ရှိစစ် ကောင်စီတပ်သားတွေဟာ မနေ့က ညနေပိုင်းမှာစခန်းစွန့်ခွာပြီး ကျောက်တော်မြို့အနီးက စကခ(၉)ဘက်ကို ဆုတ်ခွာထွက်ပြေးခဲ့ကြတာလို့ဆိုပါတယ်။

လယ်ကွင်းတွေထဲကဖြတ်ပြီး ခြေလျင်ဆုတ်ခွာလာတဲ့ အဲဒီစစ်ကြောင်းကို ကျောက်တော်မြို့နယ် လိပ်မရွာအနီး မှာ ရခိုင့်တပ်တော် AA က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။

“လက်နက်တွေလည်း အများကြီးရတယ်၊ တော်တော်သယ်ယူရတယ်ကြားတယ်”လို့ ဒေသခံ တဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲကြောင့် တိုက်ပွဲဖြစ်တဲ့နေရာ အနီးတဝိုက်မှာရှိတဲ့ လိပ်မ၊ ကျားနင်းကန်၊ ထိပ်၀ပြင်စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်ခဲ့ကြရတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

လင်းမွေတောင်စခန်းဟာ မြောက်ဦးမြို့နဲ့ ကျောက်တော်ကြား ကားလမ်းမဘေးမှာ တည်ရှိပြီး စစ်ကောင်စီတပ် တွေဟာ ပြီးခဲ့တဲ့ ၂၀၁၉ တိုက်ပွဲကာလကတည်းက အဲ့ဒီမှာစခန်းချနေခဲ့တာပါ။ လက်ရှိ ရခိုင်ဒေသ တကျော့ ပြန် တိုက်ပွဲတွေ စပြီးနောက်မှာတော့ တိမ်ညိုရဲစခန်းက စစ်ကောင်စီတပ်သားတွေပါ အဲဒီလင်းမွေတောင်မှာ သွား ရောက်ပူးပေါင်းနေခဲ့ကြပါတယ်။

အဲဒီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းသွားလမ်းလာတွေကို ဖမ်းဆီး၊ ပစ်ခတ်တာ၊ ပေါ်တာဆွဲတာ၊ လူ နေရွာတွေဆီ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“လင်းမွေတောင်စခန်းတခု မရှိတော့တာ အနှောင့်အယှက်တခု ကင်းသွားတယ် ပြောရမယ်၊ မဟုတ်ရင် ဒုက္ခပေး လွန်းလို့ စိတ်ဖြောင့်ဖြောင့်မနေရဘူး” လို့ တိမ်ညိုရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်ကလည်း မြောက်ဦးနဲ့ ကျောက်တော်ကြား တိမ်ညိုရွာအနီးမှာပဲရှိတဲ့ သင်းကျိတ် တော်တောင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း စခန်းစွန့်ဆုတ်ခွာသွားခဲ့ကြပြီ’ တချို့ကAA တပ်ဖွဲ့ဆီ လက်နက်ချခဲ့ကြပါတယ်။

AA ဟာ မြောက်ဦးမြို့အဝင် ငွေတောင်ပေါက်တောင်တန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ခရိုင်ရဲ စခန်းတို့ကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဒါ့ကြောင့် မြောက်ဦးနဲ့ ကျောက်တော်ကြားမှာ ကျောက်တော်မြို့အနီးရှိ စစ်ကောင်စီရဲ့ စကခ(၉)ကလွဲလို့ စစ်ကောင်စီတပ်စခန်း မရှိတော့ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်မှာ အခုတကျော့ပြန်တိုက်ပွဲစပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ စစ်စခန်းနဲ့ ရဲစခန်းပေါင်း တရာ ကျော် စခန်းစွန့်ခွာသွားခဲ့ပြီး လက်ရှိအချိန်အထိ AA က သိမ်းပိုက်ရရှိထားတဲ့ စခန်း ၁၅၀ ကျော် ရှိလာပြီဖြစ် ပါတယ်။