စစ်အာဏာရှင်ရဲ့ ဆိုးယုတ်မှုတွေ ဒီဂရီထပ်တိုးခဲ့တဲ့ ၂၀၂၃

ဇန်နဝါရီ ၊ ၁၃
၂၀၂၃ ခုနှစ်ဟာ လူနေ ဧရိယာတွေကို အာဏာသိမ်း စစ်တပ်က တရားလက်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီး ဆိုးဆိုးရွားရွား အရှိန်မြှင့်တင်လာတဲ့ ကာလတခုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ပြောပါတယ်။ HRWရဲ့ World Report အစီရင်ခံစာကို ထုတ်ပြန်ချိန်မှာ စစ်တပ်ဟာ တိုင်းရင်းသား နယ်မြေတွေနဲ့ တော်လှန်ရေး အားကောင်းတဲ့ ဒေသတွေမှာ အညှာအတာ ကင်းမဲ့ပြီး ကြမ်းကြုတ် ရက်စက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တာကို ဖော်ပြထားခဲ့ပါတယ်။
ဒါ့အပြင် လုံခြုံရေး တပ်ဖွဲ့အမည်ခံ အာဏာသိမ်းစစ်တပ် လက်ပါးစေတွေဟာ ပြည်သူတွေအပေါ် အစုလိုက် သတ်ဖြတ်တာ၊ အဓမ္မ ဖိအားပေးပြီး အစဖျောက်တာ၊ ညှင်းပန်းနှိပ်စက်တာ၊ မုဒိမ်းနဲ့ တခြား လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ရာ၊ စိတ်ထင်ရာ ဖမ်းဆီး ချုပ်နှောင်တာတွေကိုလည်း ကျူးလွန်ခဲ့တယ်လို့ World Report 2024မှာ ဖော်ပြထားပါတယ်။
“စစ်အာဏာရှင်တွေရဲ့ တရားလက်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကျယ်ပြန့်လာနေတာကိုက ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ လူ့အခွင့်အရေး အခြေအနေတွေ တောက်လျှောက် ယိုယွင်း ဆုတ်ယုတ်လာနေတာကို ထင်ဟပ်စေပါတယ်”လို့ HRWရဲ့ အာရှဒေသ ဒါရိုက်တာ အီလိန်း ပီယာဆန်က ပြောပါတယ်။ “နိုင်ငံတကာ အစိုးရတွေ အနေနဲ့ မြန်မာ စစ်တပ်အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ပိုမိုတင်းကျပ်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့ခွင့်တွေ တားမြစ်စေဖို့၊ ပြီးတော့ မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ လက်ခံစစ်ဆေးစေဖို့ တွန်းအားပေးသင့်နေပါပြီ”လို့လည်း သူက ဆိုတယ်။
HRWဟာ ၃၄ တွဲမြောက် နှစ်ပတ်လည် အစီရင်ခံစာအဖြစ် World Report 2024ကို ထုတ်ပြန်ခဲ့ပြီး စာမျက်နှာ ၇၄၀ ပါဝင်ပါတယ်။ အစီရင်ခံစာရဲ့ ရည်ရွယ်ချက်က နိုင်ငံပေါင်း ၁၀၀ ကျော်လောက်မှာ ကြုံနေရတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဆန်းစစ် တင်ပြဖို့ ဖြစ်ပါတယ်။ HRW အမှုဆောင် ဒါရိုက်တာ တီရာနာ ဟာဆန်ရဲ့ မိတ်ဆက် အမှာစာမှာတော့ ၂၀၂၃ ခုနှစ်ထဲမှာ ပြင်းထန် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ကာလ ရက်စက် ကြမ်းကြုတ်မှုတွေအပြင် အစိုးရ တချို့ရဲ့ မူဝါဒ ရွေးချယ်မှုတွေဟာ လူထုရဲ့ အခြေခံ အခွင့်အရေးတွေ ဆုံးရှုံးစေမယ့် ရလဒ်မျိုးတွေကို ပေါ်ပေါက်စေခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒီလို စိန်ခေါ်မှုတွေ ကြုံခဲ့ရတဲ့တိုင် တဖက်မှာလည်း လူ့အခွင့်အရေးအတွက် မျှော်လင့်စရာ အရိပ်လက္ခာတွေကို မြင်ခဲ့ရပြီး အစိုးရတွေ အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ် စံနှုန်းတွေကို ခိုင်မာအောင် ဆောင်ရွက်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေစေလိုတယ်လို့ ဟာဆန်က တိုက်တွန်းထားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းက မြန်မာ စစ်တပ်ဟာ ဖျက်ဆီးအား ပြင်းထန်တဲ့ လောင်စာဗုံး တလုံးကို စစ်ကိုင်းတိုင်းထဲမှာ ကြဲချခဲ့ပြီး အရပ်သား ၁၆၀ ကျော် သေဆုံးခဲ့ကြောင်း HRWက ဖော်ပြထားခဲ့ပါတယ်။ နောက်ပြီး အောက်တိုဘာလမှာလည်း ကချင်ပြည်နယ်ထဲက ရာနဲ့ချီ များပြားတဲ့ စစ်ရှောင်တွေ စုဝေးနေရာ ယာယီ ခိုလှုံရေး စခန်းတခုကို စစ်တပ်က ဗုံးကြဲခဲ့ပြန်တဲ့အတွက် ကလေး ၁၁ ယောက် အပါအဝင် စုစုပေါင်း လူ့အသက် ၂၈ ချောင်း ဆုံးရှုံးခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးချိန် ကတည်းက စစ်တပ်ဟာ ပဲ့ထိန်း စနစ်မပါတဲ့၊ တနည်းအားဖြင့် ရမ်းသမ်းပစ်ခတ်ရတဲ့ ပြည်တွင်းဖြစ် ဆင့်ပွားပေါက်ကွဲတဲ့ စစ်လက်နက်တွေကို လူထူထပ်ရာ နေရာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု တိုက်ခိုက်လာခဲ့ပါတယ်။
စစ်တပ်ဟာ ပဋိပက္ခ နယ်မြေတွေထဲမှာ ပိတ်မိနေပြီး အရေးပေါ် အကူအညီတွေ အပူတပြင်း လိုအပ်နေတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေဆီ လူသားချင်း စာနာမှု အထောက်အပံ့တွေ ရောက်မသွားအောင်လည်း ပိတ်ပင် တားမြစ်ထားပါတယ်။
ဒီလုပ်ရပ်မျိုးဟာ နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေတွေကို ချိုးဖောက်ရာ ရောက်ပါတယ်။ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင် ၂ သန်းကျော်ဖြစ်ပြီး အများစုဟာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ စစ်ကြောင်းထိုးတဲ့ ဒဏ်တွေကြောင့် ရွှေ့ပြောင်းနေရတာပါ။
အောက်တိုဘာ လထဲမှာလည်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူ့တော်လှန်ရေး တပ်မတော် (PDF)တို့က စစ်တပ်နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားရာက ဒေသခံ ထောင်သောင်းချီ ရွှေ့ပြောင်းခဲ့ကြရပါတယ်။
မေလထဲမှာတော့ အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်းမှာ မှတ်တမ်းတင်ဖူးသမျှ အပြင်းထန်ဆုံး မုန်တိုင်းကြီး နှစ်ခုထဲမှာ အပါအဝင်ဖြစ်တဲ့ ဆိုင်ကလုန်း မိုခါကြောင့် ရခိုင်၊ ချင်နဲ့ ကချင်ပြည်နယ်တွေ၊ စစ်ကိုင်းနဲ့ မကွေး တိုင်းဒေသကြီးတွေမှာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သလို လူပေါင်း ၈ သန်း ဝန်းကျင်လောက်ဟာ ရာသီဥတု ကပ်ဘေးကြီးနဲ့ ကြုံခဲ့ကြရပါတယ်။
စစ်အာဏာပိုင်တွေက ထောက်ပံ့ရေး အဖွဲ့အစည်းတွေနဲ့ ဝန်ထမ်းတွေကို မုန်တိုင်းဒဏ်သင့် ဧရိယာတွေဆီ သွားရောက်ဖို့ တားမြစ် ကန့်သတ်တာတွေ လုပ်ခဲ့သလို လူ့အသက်တွေကို ကယ်ဆယ်ဖို့အတွက် အရေးတကြီး ပေးပို့ရမယ့် အကူအညီတွေ နှောင့်နှေးစေဖို့ မလိုအပ်တဲ့ တားမြစ်ချက်တွေ အမျိုးမျိုး သတ်မှတ်ခဲ့ပြန်တယ်။
မြန်မာ စစ်အာဏာပိုင်တွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အရေးယူ ထိုးနှက်မယ့် အစီအမံတွေကို ဗီတို အာဏာပိုင် ရုရှားနဲ့ တရုတ်တို့က အကြိမ်ကြိမ် ကြားဝင် နှောင့်ယှက်ခဲ့ပါတယ်။
တခြားသော နိုင်ငံ အစိုးရတွေ အနေနဲ့လည်း ရှိရင်းစွဲ လမ်းကြောင်းကို ပြောင်းလဲသွားစေဖို့ ကိုယ်ပိုင် အရေးယူ ပိတ်ဆို့မှုတွေကို မြန်မာစစ်တပ်အပေါ် သတ်မှတ်သင့်ကြောင်း HRWက တိုက်တွန်းခဲ့ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ ၂၀၂၁ ခုနှစ်၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံဆီ စစ်လက်နက်တွေ စီးဝင်နေမှုကို တားမြစ်ရေးကိစ္စ လက်တွေ့ လိုက်နာ အကောင်အထည် ဖော်သင့်ကြောင်းလည်း HRWက ထောက်ပြထားပြန်တယ်။
အမေရိကန်လို နိုင်ငံကြီးတွေက စစ်အာဏာရှင်တွေ လက်နက်ဝယ်ယူရေး ကိစ္စမှာ အသုံးချနေတဲ့ ဘဏ်နှစ်ခု အပါအဝင် ရင်းမြစ်တချို့ကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်နေပါတယ်။
ဩဂုတ်လမှာ အမေရိကန်က မြန်မာစစ်တပ်ရဲ့ နိုင်ငံခြားဝင်ငွေ ပင်မရင်းမြစ်လို့ ဆိုရမယ့် မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE)ရဲ့ ငွေပေးချေမှု၊ ငွေလွှဲပြောင်းမှုတွေကို ကန့်သတ် တားမြစ်တဲ့ စည်းမျဉ်းတစ်ခု သတ်မှတ် အရေးယူခဲ့ပြန်တယ်။
ဒါပေမဲ့ အမေရိကန်အပြင် ဥရောပ သမဂ္ဂ၊ ကနေဒါနဲ့ ဗြိတိန်တို့ဟာ ပိုပြီး ထိရောက်တဲ့ ကိုင်တွယ်မှုတွေ ရှိသင့်ပြီ ဖြစ်သလို မြန်မာနိုင်ငံကို အရေးယူတဲ့ ကိစ္စမှာ အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ ထိုင်းတို့ပါ ပူးပေါင်း ပါဝင်လာအောင် ချိတ်ဆက် ဆောင်ရွက်သင့်နေပါပြီ။
တစ်ချိန်တည်းမှာလည်း ICCဟာ ၂၀၁၇ ခုနှစ်၊ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် စစ်တပ်က လူမျိုးသုဉ်း ရှင်းလင်းမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ရာဇဝတ်ကြောင်း စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ တိုးတက်မှုတွေက အကန့်အသတ်နဲ့သာ ရှိနေပါတယ်။
တကယ်တမ်းမှာ မြန်မာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်တပ်က ကျူးလွန်နေတဲ့ ကြမ်းကြုတ် ရက်စက်တဲ့ ရာဇဝတ်မှုတွေကို ICCဆီ လွှဲပြောင်းပေးနိုင်ရေးက အရမ်းအရေးကြီးနေပါတယ်။ သီးခြား အနေနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)ဟာ နောက်ဆက်တွဲ တရားရေး စွဲချက်တင်မှုတွေအတွက် အထောက်အထားသစ်တွေကို ရှာဖွေနေပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ကလည်း လူမျိုးသုဉ်း သတ်ဖြတ်မှု တားမြစ်ရေး ကွန်ဗန်းရှင်း သဘောတူညီမှုတွေကို မြန်မာက ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကြားနာနေပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာ အစိုးရက စတင် စွဲချက်တင်ခဲ့တဲ့ အဲဒီအမှုကို နိုဝင်ဘာ ၁၅ ရက်မှာတော့ နောက်ထပ် နိုင်ငံ ၆ ခုကပါ ပူးပေါင်း တရားလိုပြုလာခဲ့ပြီ ဖြစ်ပါတယ်။
(HRW၏ Myanmar: Upswing in Unlawful Airstrikes ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)