၀က်လက်က စစ်ကောင်စီအထိုင် စခန်းလေးခု တပြိုင်တည်း တိုက်ခိုက်ခံနေရပြီး စခန်းတခု လက်လွှတ်ထားရ

နိုဝင်ဘာ၊ ၂၁
 
စစ်ကိုင်းတိုင်း ၀က်လက်မြို့နယ်အတွင်းက ရွှေပန်းကုံး၊ လှတော၊ ရွာသာကြီး ကျေးရွာတွေနဲ့ စိုင်နိုင်ကွေ့ဂိတ်တို့က စစ်ကောင်စီအထိုင်စခန်းတွေကို တော်လှန်ရေး အင်အားစုတွေက မနေ့ ညပိုင်းကတည်း တပြိုင်တည်း တိုက်ခိုက်နေပြီး ရွှေပန်းကုန်း ရဲစခန်းကိုတော့ ဒီကနေ့မနက်ပိုင်းမှာ သိမ်းပိုက်ထားတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့၀င် တဦးက ပြောပါတယ်။
 
“ အခုလည်း တိုက်ပွဲတွေ ဖြစ်နေသေးတယ်၊ အသေးစိပ်ပြောလို့ မရသေးလို့ပါ ” လို့ သူကဆိုပါတယ်။
 
တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့မနက် သိမ်းပိုက်လိုက်တဲ့ ရွှေပန်းကုံး ရဲစခန်းဟာ ဝက်လက်မြို့နယ် အနောက်ခြမ်း ဝက်လက်-အရာတော် လမ်းပေါ်မှာရှိပြီး ရဲနဲ့စစ်သား အင်အားလေးဆယ်လောက်ရှိတဲ့ စခန်းဖြစ်တယ်လို့ သိရပါတယ်။
 
ရွှေပန်းကုန်းနယ်မြေရဲစခန်း အနီးမှာ နေထိုင်တဲ့ ဝက်လက်ဒေသခံ တဦးကလည်း ရဲစခန်းသိမ်းပိုက်ခံရတာကို အတည်ပြုပြီး မီးလောင်ပျက်စီးသွားပြီလို့ ပြောပါတယ်။ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာကြောင့် ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကပြောပါတယ်။
 
“ကျွန်မတို့လည်း အခုပြေးနေရတယ်၊ မနက်က လေယာဉ်နဲ့ လာပစ်လို့ ဒီနားကဟာတွေ အကုန်ထွက်ပြေး နေရတယ်၊ ဖုန်းလိုင်းတွေလည်း ဖျက်ခံထားရတယ်၊ ရွာတွေ အတော်များမယ်ထင်တယ်၊ ဘာလို့လည်းဆိုတော့ စခန်းနားတဝိုက် ဗုံးကြဲနေတော့ အကုန်ပြေးရမှာ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
၀က်လက်မြို့နယ်နဲ့ အနီးတဝိုက် ဒေသတွင်းသတင်းတွေ ဖော်ပြပေးနေတဲ့ Wetlet Information Network ကလည်း စစ်ကောင်စီဟာ ဒီကနေ့မနက် ငါးနာရီလောက်က တိုက်ခိုက်ရေးလေယာဉ်နဲ့ ဝက်လက်အနောက်ခြမ်းမှာ လေကြောင်းက တိုက်ခိုက်ခဲ့သလို MI-35 ရဟတ်ယာဉ်နဲ့လည်း ပစ်ခတ်ခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။
 
“ ရွာတွေ အတော်များက စစ်ဘေးရှောင်နေရတယ်၊ အဓိကတော့ တည်တော၊ သမ္မရိုး၊ ရွှေပန်းကုံး ရွာနီးချုပ်စပ်တွေပေါ့၊ တခြားဘက်တွေလည်း စစ်ရှောင်တွေ ရှိနိုင်တယ် ဘာလို့လည်းဆိုတော့ အကုန်ပတ်ပစ်သွားတာ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်တည်း တိုက်ခိုက်နေတဲ့ စစ်ကောင်စီစခန်း လေးခုလုံးဟာ ဝက်လက်မြို့နယ် အနောက်ခြမ်းက စခန်းတွေဖြစ်ပြီး ရွှေဘို-မန္တလေး လမ်းပေါ်က စခန်းတွေဖြစ်တဲ့ စိုင်နိုင်ကွေ့၊ လှတောနဲ့ ရွာသာကြီးတို့က စခန်းတွေကိုတော့ ဆက်လက်တိုက်ခိုက်နေရဆဲလို့ သိရပါတယ်။
 
စစ်အုပ်စုက လက်ရှိမှာ ၀က်လက်မြို့နယ်အတွင်းကို ရွှေဘိုမြို့ဘက်ကနေ စစ်ကူလွှတ်နေပေမယ့် တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်တာ၊ ဖြတ်တောက်တိုက်ခိုက်တာတွေ လုပ်နေရတယ်လို့ အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
 
လက်ရှိတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အထိနာနေသလို လက်နက်ခဲယမ်းတွေလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းနိုင်တာတွေ ရှိတယ်လို့ သိရပေမယ့် အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
 
ဒေသတွင်း အခြေစိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ခံ တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကတော့ အဲဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုမှု တစုံတရာ မရှိသေးပါဘူး။
 
ဓာတ်ပုံ – Wetlet Information Network