လွိုင်ကော်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ရာနီးပါးမှာ လူသုံးဆယ်ခန့်သေဆုံး

နိုဝင်ဘာ ၁၉

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီ(ကယား)ပြည်နယ် မြို့တော် လွိုင်ကော်ကို စစ်ကောင်စီတပ်က အခုလ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၇ ရက်အထိ တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇၈ ကြိမ်ထက်မနည်းလုပ်ခဲ့တယ်လို့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)ဆီကနေ သိရပါတယ်။

“လေယာဉ်ရော၊ ရဟတ်ယာဉ်ရော နှစ်ခုစလုံးပါတယ်။ တိုက်ပွဲပြင်းထန်လာတဲ့အချိန်ဆို လေယာဉ်က ဆယ်မိနစ် တစီးလောက်တောင်လာတာ။ သူတို့အထိနာတော့ တခေါက်ပြီးတခေါက်လာပစ်တာ” လို့ တိုက်ပွဲအတွင်း အရပ်သား ကယ်ဆယ်ရေး လုပ်နေတဲ့ KHAI အဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

တိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီတပ်က လူနေရပ်ကွက်တွေအထိပါ တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် စစ်ဆင်ရေး ကိုးရက်အတွင်း သေဆုံးတဲ့ အရပ်သား ငါးဆယ်ကျော်အထိရှိလာနေပြီး အဲထဲက သုံးဆယ်လောက်ဟာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာပါ။

“တိုက်ပွဲက ကိုက်တရာပတ်လည်လောက်အတွင်းပဲ ဖြစ်တာပဲထား။ သူတို့က(စစ်တပ်) အဲဒီ ကိုက်တရာ ဝန်းကျင်လောက်ပဲကြဲတာမဟုတ်ဘူး။ ကိုက်တထောင်လောက်ထိ ကြဲသွားတဲ့ ပုံစံမျိုးဖြစ်နေတာ” လို့ အထက်ပါ KHAI အဖွဲ့ဝင်တွေက ပြောပါတယ်။

ကရင်နီပူးပေါင်းတပ်တွေရဲ့ တစ်လေးလုံး(၁၁.၁၁) စစ်ဆင်ရေးအဖြစ် လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာပါ။

“လာပစ်တာက မြို့ပေါ်ဆိုတော့ နေအိမ်တွေတော့ ထိတာပေါ့။ လူတွေကတော့ ပုန်းနေရတာပေါ့။ အန္တရာယ်တော့များတယ်။သေတဲ့လူလည်းရှိတယ်” လို့ မြို့ကိုစွန့်ခွာတိမ်းရှောင်လာတဲ့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အပါအဝင် ကရင်နီတပ်တွေက လွိုင်ကော်မြို့ကို နိုဝင်ဘာ ၁၁ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ဆို ကိုးရက်ဆက်တိုက် ရှိလာပါပြီ။

ထိုးစစ်အတွင်း စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့် တပ်စွဲထားတဲ့ လွိုင်ကော်တက္ကသိုလ်နဲ့ ခရိုင်တရားရုံးတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သလို မြို့လယ်ခေါင်ရှိ လွိုင်ကော်အကျဉ်းထောင်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေအထိပါ ကရင်နီတပ်တွေက သွားရောက်တိုက်ခိုက်တာတွေ လုပ်နေပါတယ်။

လွိုင်ကော်မြို့ လူဦးရေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ရှိတဲ့ မြို့ခံ လေးသောင်းကျော်လောက်ကတော့ တိုက်ပွဲတွေကြောင့် မြို့ကို တိမ်းရှောင်သွားကြပြီဖြစ်ပေမယ့် မြို့ထဲပိတ်မိနေသေးတဲ့ အရပ်သားတွေလည်း ထောင်ချီဆက်ရှိနေပါသေးတယ်။