ခြောက်နာရီအတွင်း နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ယာ ဒေါ်လာ သုံးသန်းဖိုး ရောင်းချရ

နိုဝင်ဘာ၊ ၁၇
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အစုရှယ်ယာတွေကို ဒီကနေ့ စတင်ရောင်းချနေပြီဖြစ်ရာ ခြောက်နာရီအတွင်း အမေရိကန်ဒေါ်လာ သုံးသန်းဖိုး ရောင်းချထားရပြီ ဖြစ်တယ်လို့ နွေဦးဖွံ့ဖြိုးရေးဘဏ်က အသိပေးထုတ်ပြန်လာပါတယ်။
 
ပြည်သူတွေကို ရောင်းချဖို့ သတ်မှတ်ထားတဲ့ ဘဏ်အစုရှယ်ယာရဲ့ ၄၉ ရာခိုင်နှုန်းထဲက တဆယ်ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ဆယ်သန်းဖိုးကို ပထမအသုတ်အနေနဲ့ အခုလိုရောင်းချနေတာဖြစ်ပြီး ပထမခြောက်နာရီအတွင်းမှာပဲ သုံးဆယ်ရာခိုင်နှုန်း ရောင်းချလိုက်ရတာပါ။
 
SDB ဘဏ်အကောင့်တွေကနေ ကိုယ်တိုင်ဝယ်ယူထားကြတာက ဒေါ်လာ တသန်းခန့်နဲ့ ဘဏ်ကိုယ်စားလှယ်တွေကနေတဆင့် ဝယ်ယူတာက ဒေါ်လာ နှစ်သန်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။
 
အစုရှယ်ယာတခုရဲ့ တန်ဖိုးကိုတော့ အမေရိကန်ဒေါ်လာ ၀.၀၀၁ ဒေါ်လာ သတ်မှတ်ထားပြီး အနည်းဆုံး တဆယ်ဒေါ်လာ (မြန်မာငွေကျပ် သုံးသောင်းခွဲခန့်)ကစလို့ ဝယ်ယူနိုင်တယ်လို့လည်း ဘဏ်တာဝန်ရှိသူတွေက ပြောထားပါတယ်။
 
အစုရှယ်ယာတွေကိုတော့ SDB ဘဏ်အကောင့်တွေကနေ ကိုယ်တိုင်ဝယ်ယူနိုင်သလို နိုင်ငံပေါင်း ၂၂ နိုင်ငံမှာရှိတဲ့ Relationship Managers (ဘဏ်ကိုယ်စားလှယ်)တွေကနေတဆင့်လည်း ဝယ်ယူနိုင်ပြီး အခုလ နိုဝင်ဘာ ၂၇ ရက်အထိ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
 
အခုလိုရောင်းချတဲ့ ဘဏ်အစုရှယ်ယာတွေကနေ ရလာတဲ့ ဘဏ္ဍာငွေတွေကိုတော့ တော်လှန်ရေးအတွက် အရေးပေါ်လိုအပ်နေတဲ့ အခန်းကဏ္ဍတွေမှာ အသုံးပြုသွားမယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အခုလ ၁၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
 
ဒါ့အပြင် SDB ဘဏ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကယ်လ်ဗင်ကလည်း ဘဏ်မှာ အစုရှယ်ရာ ထည့်ဝင်ထားတဲ့ အစုရှယ်ယာပိုင်ရှင်တွေကို ရှယ်ရာအကျိုးအမြတ် နှစ်စဉ်ခွဲဝေပေးသွားမယ်လို့ အစုရှယ်ယာ ရောင်းချမှုနဲ့ပတ်သက်ပြီး ပြုလုပ်တဲ့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါသေးတယ်။
 
NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အောက်ရှိ ကြားကလ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်က စတင်လည်ပတ်ခဲ့ပြီး လက်ရှိမှာတော့ ဘဏ်အကောင့်ဖွင့်လှစ်အသုံးပြုသူ လေးသောင်းလေးထောင်ကျော်အထိ ရှိပြီလို့ သိရပါတယ်။
 
ဓာတ်ပုံ – SDB