လားရှိုးမှာ လေယာဉ်နဲ့ ချပေးတဲ့ လက်နက်ခဲယမ်းတွေ တအာင်းတပ် သိမ်းယူ

နိုဝင်ဘာ ၊ ၁၆
 
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၊ မိုင်းကျက် တပ်စခန်းကို စစ်ကောင်စီတပ်က ထောက်ပို့လေယာဉ်နဲ့ လာရောက်ပို့ဆောင်တဲ့ လက်နက်ခဲယမ်းနဲ့ ဆေးဝါးသေတ္တာ ၁၃ လုံးကို ကြားဖြတ်တိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့တယ်လို့ တအာင်းတပ် (TNLA) ထံက သိရပါတယ်။
 
“ မိုင်းကျက်တပ်စခန်းမှာပေါ့နော်။ သူတို့ လေယာဉ်နဲ့ ပို့လာတဲ့ ရိက္ခာတွေနဲ့ လက်နက်ခဲယမ်းတွေကို ပြန်သိမ်းယူနိုင်တာတွေ ရှိခဲ့ပါတယ် ” လို့ တအာင်းတပ်၊ သတင်းနဲ့ ပြန်ကြားရေးရုံး တာဝန်ခံ အမျိုးသမီးတဦးက DNA ကို အတည်ပြုပြောဆိုပါတယ်။
 
တပ်မဟာ (၆) စစ်ဒေသဖြစ်တဲ့ မိုင်းကျက် တပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်ကလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ချပေးတဲ့ လက်နက်ခဲယမ်း သေတ္တာငါးလုံးကို TNLA က သိမ်းဆည်းရမိအပြီး အခုတကြိမ်ကတော့ အောင်တိုဘာလ ၂၇ မှာစတင်တဲ့ စစ်ဆင်ရေးအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။
 
“ ပထမအကြိမ်တုန်းကလည်း အခုလိုပဲ ရှိခဲ့တယ်။ အခု စစ်ဆင်ရေးအတွင်းမှာပဲပေါ့နော်။ သူတို့ စားနပ်ရိက္ခာတွေ ပါတာပေါ့နော်။ ရက်ရှည်စားလို့ ရတာတွေလည်း ပါတယ်။ အဲ့တုန်းကလည်း အခုလို သိမ်းဆည်းရရှိတယ်။ အခုတခါနဲ့ဆိုလည်း ဒုတိအကြိမ်ပေါ့နော် ” လို့ တအာင်းတပ်ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ဆိုပါတယ်။
 
ယနေ့ မနက် ၁၁ နာရီလောက်မှာလည်း နမ့်ခမ်းမြို့နယ် နောင်အင်ကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ တာကွန့်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ တအာင်းတပ် (TNLA) က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ဒီကနေ့ နေ့ခင်း ၁၂ နာရီလောက်မှာ မူဆယ်မြိုနယ် ကျင်စန့်ကျော့လမ်းခွဲမှာ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုထားပါတယ်။
 
ရှမ်းမြောက်ဒေသမှာ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နဲ့ ရခိုင်တပ်တော် (AA) ညီနောင်မဟာမိတ်နဲ့ တော်လှန်ရေးအင်အားစုတွေက စုပေါင်းပြီး ပြီးခဲ့တဲ့လ ၂၇ ရက်မှာ စတင်ပြီး ၁၀၂၇ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေကြတာပါ။
 
တအာင်းတပ် (TNLA) အဓိက လှုပ်ရှားနေတဲ့ ရှမ်းမြောက်ဒေသ နောင်ချို၊ လားရှိုး၊ သိန္နီ၊ ကျောက်မဲ၊ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း မြို့နယ်တွေမှာ စစ်ဆင်ရေး ဆောင်ရွက်နေစဉ်အတွင်း စစ်ကောင်စီတပ်ရဲ့ စခန်းပေါင်း လေးဆယ်ကျော်ကို သိမ်းပိုက်ရရှိထားတယ်လို့ တအာင်းတပ် သတင်းပြန်ကြားရေးရုံး တာဝန်ခံက ဆိုပါတယ်။
 
ဒါ့အပြင် လက်ရှိလည်း နမ့်ခမ်းမြို့နဲ့ မန်တုံမြို့ကို အလုံးစုံ သိမ်းပိုက်ထားသလို အုပ်ချူပ်ရေး ယန္တယားတွေ စတင်လည်ပတ်နိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့ သူကဆိုပါတယ်။
 
ဓာတ်ပုံ – TNLA