မတ္တရာမြို့၊ ပတ်လည်အင်းရွာ စစ်တပ်စခန်းအတိုက်ခံရလို့လေးဦး သေဆုံး၊ တဦး ဖမ်းဆီးရမိ

နိုဝင်ဘာ ၁၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် မြောက်ဘက်ခြမ်းရှိ မတ္တရာ-သပိတ်ကျင်းသွား ကားလမ်းမပေါ်ရှိ ပတ်လည်အင်းရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်ခဲ့လို့ စစ်သားလေးဦးသေဆုံးပြီး တဦး ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

“ ပတ်လည်အင်းရွာမှာ အထိုင်ချပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတာတွေ ငွေညှစ်တာတွေလုပ်နေတဲ့ စခန်းပေါ့နော်။ အဲဒါကို ကျနော်တို့ ဒီကနေ့ မနက်ပိုင်းကတိုက်ခိုက်ခဲ့တယ်။ စခန်းသိမ်းတာမျိုးအထိတော့ မရောက်ခဲ့ပါဘူး ” လို့ အဲဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ LPDF အဖွဲ့ဝင် တဦးကပြောပါတယ်။

ဒီကနေ့ မနက် ၆ နာရီလောက်မှာပတ်လည်အင်းရွာက ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ စုပေါင်းနေထိုင်တဲ့ တပ်စခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေနတ် သုံးလက်ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ၆ နာရီခွဲလောက်မှာ ပြန်ဆုတ်လာတယ်လို့ ဆိုပါတယ်။

“ သူတို့ စခန်းတိုက်ခိုက်ခံရချိန် ေ-ွးတွေက စခန်းကိုစွန့်ပြီးထွက်ပြေးကြတာဗျ။ အဲဒီထဲက တယောက်က ကျနော်တို့ ကင်းပုန်းဝပ်ထားတဲ့ ဖက်ကို ပြေးလာတဲ့အတွက် အရှင်ဖမ်းမိလိုက်တာပေါ့နော်။ မတ္တရာဖက်ကလည်း စစ်ကူတွေ တက်လာတဲ့အတွက် ကျနော်တို့ စခန်းကိုတော့ မသိမ်းလိုက်နိုင်ဘူး ” လို့ သူကဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့တာဟာ မျက်မြင်ဖြစ်ပြီး ယခုထက်လည်းပိုနိုင်ပြီး တော်လှန်ရေးအင်အားစုတွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့လည်း ဆက်လက်ပြောကြားပါတယ်။

မတ္တရာမြို့က တဆင့် စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ တဖာလုံလောက်သာဝေးတဲ့ ဧကန်သာရွာရှိ လက်ဖက်ရည်ဆိုင်ကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ခဲ့တာကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ လုံခြုံရေး အရအမည်မဖော်လို တဲ့ဒေသခံ တဦးကပြောပါတယ်။

“ လက်ဖက်ရည်ဆိုင်ထဲ ထိုင်နေတဲ့ ပြည်သူ ဆယ်ဦးလောက် သေသွားတယ်လို့တော့ သိထားရတယ် ။ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်ပေါ့နော်။ ဆိုင်ဖက်မှာ ဒီဖက်က(PDF) တွေ ရှိတယ် အထင်နဲ့ ရမ်းပစ်လိုက်တာပေါ့ ” လို့သူကဆိုပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးသွားတဲ့ သူစာရင်းကိုတော့ DNA ကသီးခြားအတည်ပြုလိုတော့ မရသေးပါဘူး။

အခုတိုက်ခိုက်မှုကို မတ္တရာမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသတွင်း PDF အဖွဲ့တွေ ပူးပေါင်းပြီးတော့ တိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်မှာMDY-PDF ၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြို့နယ် ဒေသခံ ပူးပေါင်းအဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဟာ  ဒီလ ၁၃ ရက်မှာစတင်ပြီး ၁၅ ရက်အထိ သုံးရက်ကြာတိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ မန္တလေး PDF ကထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ  ပြန်လည်ဆုတ်ခွာနေရပြီး ပျူစောထီး ခေါင်းဆောင် တဦးအပါအဝင် အများအပြားကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သလို သေနတ် နှစ်လက် နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း လေးလောင်း ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံနဲ့ တကွ ထုတ်ပြန်ထားပါတယ်။