လောက်ကိုင်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား လေးဆယ်ကျော်ကို ပထမအသုတ်အဖြစ် ကယ်ထုတ်

နိုဝင်ဘာ၊ ၁၆

 ရှမ်းပြည်နယ် မြောက်ပိုင်းက လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေထဲက ပထမအသုတ် အယောက် ၄၀ ကျော် ပြန်လည် လွတ်မြောက်လာပြီလို့ ထိုင်းအစိုးရက ကြေညာပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်လာချိန် တရုတ်-မြန်မာ နယ်စပ်နားမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေထဲက ၄၁ ဦးဟာ ထိုင်းနိုင်ငံကို အစောဆုံးအဖြစ် နိုဝင်ဘာ ၁၆ ရက်မှာ ပြန်ရောက်လာနိုင်တယ်လို့ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောပါတယ်။

 အေပက် ညီလာခံ တက်ရောက်ဖို့ အမေရိကန်နိုင်ငံ၊ ဆန်ဖရန် ဆစ္စကိုမြို့ဆီ ရောက်ရှိနေတဲ့ ဆရက်သာက ထိုင်း ကာကွယ်ရေး ဝန်ကြီးဌာနဟာ နိုင်ငံသား ၄၁ ဦးကို တာချီလိတ်ကနေတဆင့် နယ်စပ် ဖြတ်ကျော်ပြီး ပြန်လည် ခေါ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း၊ နိုဝင်ဘာ ၁၆ ရက်၊ ဒါမှမဟုတ် ၁၇ ရက်လောက်မှာ သူတို့တွေ ထိုင်းနိုင်ငံ ပြန်ရောက်လာမယ်လို့ ခန့်မှန်းထားကြောင်း ပြောကြားခဲ့တာပါ။

 ထိုင်းစစ်တပ်ဟာ အဲဒီ ပိတ်မိ နိုင်ငံသားတွေ ကယ်ထုတ်ရေးအတွက် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နဲ့ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ခဲ့တယ်လို့လည်း ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ အလုပ်ရှင်တွေက ပြန်ခွင့်ပြုလိုက်တဲ့နောက် ထိုင်းနိုင်ငံသား ၄၁ ဦးဟာ UWSAရဲ့ ထိန်းချုပ် နယ်မြေကနေတဆင့် ရှမ်းပြည်နယ် အရှေ့ပိုင်းက တာချီလိတ်ကို ရွှေ့ပြောင်းနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

 စစ်ရေး အခြေအနေ တင်းမာနေတဲ့ လောက်ကိုင်မှာ နောက်ထပ် ပိတ်မိနေဆဲ ထိုင်းနိုင်ငံသား ရာနဲ့ချီ ရှိနေပြီး သူတို့ကိုလည်း တသုတ်ချင်းစီ ကယ်ထုတ်နိုင်ဖို့ ထိုင်းအစိုးရက ကြိုးစားနေပါတယ်။ အဲဒီလို ပိတ်မိနေသူ တော်တော်များများဟာ အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူး ခိုင်းစေမှုတွေ ခံနေခဲ့ရတာလို့ ထိုင်းအစိုးရက အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

 လူကုန်ကူး ခံရသူတွေ ပြန်လည် လွတ်မြောက်လာပြီးရင် သူတို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေကို အကြောင်းပြုပြီး အွန်လိုင်း ငွေကြေး လိမ်လည်မှု လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 လောက်ကိုင်မှာ နီပေါ၊ အီသီယိုးပီးယား၊ လာအို၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေက အပါအဝင် စုစုပေါင်း နိုင်ငံခြားသား ၅၀၀ လောက် ပိတ်မိနေတယ်လို့လည်း သိရပါတယ်။