တောင်ကိုရီးယားရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ စစ်ဆေး၊ လေယာဉ်ပျံသန်းမှုတွေကိုပါ ကန့်သတ်

နိုဝင်ဘာ၊ ၁၆

တောင်ကိုရီးယား ပညာရေး စနစ်မှာ အရမ်းအရေးကြီးတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ စတင် ဖြေဆိုနေတဲ့နောက် လေယာဉ် ခရီးစဉ်တွေ ရပ်ဆိုင်းစေတာ အပါအဝင် အာရုံ ပျံ့လွင့်မှုကို လျှော့ချပေးမယ့် အစီအမံတွေကို အာဏာပိုင်တွေက အလေးအနက် အကောင်အထည် ဖော်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ ရက်မှာ အခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲကို တောင်ကိုရီးယား နိုင်ငံ တဝန်းက ကျောင်းသားကျောင်းသူ ၅ သိန်းကျော် ဝင်ရောက် ​ဖြေဆိုခဲ့ကြပါတယ်။ ၉ နာရီကြာအောင် ဖြေဆိုရတဲ့ စာမေးပွဲဟာ နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ်တွေမှာ တက်ရောက်ခွင့် ရရှိဖို့ အရမ်းအရေးကြီးတဲ့ အဆုံးအဖြတ်လည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ တက္ကသိုလ်ကောင်းကောင်း တက်ရောက်ခွင့် ရထားတာဟာ လူနေမှု အဆင့်အတန်းနဲ့ အလုပ်အကိုင် ကောင်းတွေ ရရှိစေမယ့် အခွင့်အလမ်းတွေကို မြှင့်တင်ပေးနိုင်ပြီး အိမ်ထောင်ဖက် ကောင်းကောင်း ရှာဖွေဖို့ပါ အထောက်အပံ့ ဖြစ်စေတယ်လို့ အယူအစွဲ ကြီးကြီးမားမား လက်ခံထားကြပါတယ်။

အစဉ်အလာအရ အရမ်းအရေးကြီးတဲ့ စာမေးပွဲမှာ အထိအခိုက် အနှောင့်အယှက် အနည်းဆုံး ဖြစ်စေဖို့လည်း အာဏာပိုင်တွေက အစွမ်းကုန် ကြပ်မတ် ပြင်ဆင်ပေးပြီး ပို့ဆောင်ရေး ဝန်ကြီးဌာနက အရေးပေါ် အခြေအနေ မဟုတ်ရင် တနိုင်ငံလုံး လေယာဉ် အတက်အဆင်းတွေကို နိုဝင်ဘာ ၁၆ ရက်မှာ အချိန်အပိုင်းအခြား တခုထိ အပြည့်အဝ ပိတ်ပင် ကန့်ကတ်ထားလိုက်ပါတယ်။

အဲဒီလို ပိတ်ပင်တဲ့ အချိန်ဟာ မိနစ် ၄၀ လောက် ကြာမြင့်မှာဖြစ်ပြီး လေထဲမှာ ရှိနေသမျှ လေယာဉ်အားလုံးလည်း အမြင့်ပေ ၃၀၀၀၀ အထက်က ပျံသန်းနေရမယ်လို့ ညွှန်ကြားထားပါတယ်။

စာမေးပွဲဖြေမယ့် နေ့မှာ လမ်းပိတ်တာတွေ မဖြစ်အောင်လို့ စီးပွားရေး လုပ်ငန်းတွေနဲ့ ရုံးတွေကိုလည်း မနက် ၁၀ နာရီ နောက်ပိုင်းမှ ဖွင့်ဖို့ တာဝန်ရှိသူတွေက လိုက်လံ ညှိနှိုင်း ဆော်ဩထားပါတယ်။

ဒီနှစ် စာမေးပွဲမှာတော့ ပြည်တွင်းမှာ လူသတ်သမားမေးခွန်းတွေလို့ ခေါ်ဝေါ်လေ့ရှိတဲ့ သမားရိုးကျ သင်ရိုးအတိုင်း လေ့လာရုံနဲ့ မလုံလောက်တဲ့ မေးခွန်းတွေကို ဖယ်ရှားဖို့ ပညာရေးဌာန တာဝန်ရှိသူတွေက ဆုံးဖြတ်လိုက်ပါတယ်။ အကြောင်းကတော့ စျေးကြီးပေးရတဲ့ ပြင်ပ ကျူရှင်တွေကို ကျောင်းသူကျောင်းသားတွေ အလွန်အကျွံ မှီခိုရတဲ့ အခြေအနေကနေ လျှော့ချပေးဖို့ ဖြစ်ပါတယ်။

ဒီနှစ်စာမေးပွဲမှာ ပညာရေး ဝန်ကြီးဌာနက အလေးထား သတ်မှတ်ထားတဲ့ မူဝါဒ တခုကတော့ ကျူရှင်တွေအပေါ် ကျောင်းသားတွေ အလွန်အကျွံ မှီခိုနေရတဲ့ အစဉ်အလာကို တိုက်ဖျက်ဖို့ ဆိုတာ ဖြစ်ကြောင်း၊ ဒါကြောင့် လူသတ်သမား မေးခွန်းလို့ ခေါ်ကြတဲ့ ကျောင်းသင်ရိုးပြင်ပ မေးခွန်းတွေကို ဖယ်ရှားခဲ့ကြောင်း စာမေးပွဲ စစ်ဆေးမှုတွေကို ဦးစီးရတဲ့ တက္ကသိုလ် ပါမောက္ခ​ ဂျောင်မွန်ဆောင်က ပြောပါတယ်။

အခုနှစ်အတွက် မေးခွန်းအားလုံးဟာ သတ်မှတ် သင်ရိုးတွေထဲက အကြောင်းအရာတွေကို ကျောင်းသူ ကျောင်းသားတွေ ဘယ်လောက် ခြေခြေမြစ်မြစ် နားလည်ထားကြသလဲ ဆိုတာကို ဆန်းစစ်ဖို့သာ ဦးတည်ထားတယ်လို့လည်း သူက အတည်ပြုသွားပါတယ်။