စစ်ဆင်ရေး ငါးရက်အတွင်း ကရင်နီမှာ အရပ်သား လေးဆယ်ကျော် သေဆုံး

နိုဝင်ဘာ ၁၆

ကရင်နီ(ကယား) ပြည်နယ်မှာ ကရင်နီပူးပေါင်းတပ်တွေရဲ့ တစ်လေးလုံး(၁၁.၁၁) စစ်ဆင်ရေးစတင်တဲ့ အခုလ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၅ ရက်အထိ ငါးရက်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ၄၂ ဦးထက်မနည်း ရှိပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သေဆုံးခဲ့ရသူတွေဟာ လွိုင်ကော်နဲ့ မိုးဗြဲမြို့ပေါ် ရပ်ကွက်တွေက ဖြစ်ကြပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

“တိုက်ပွဲအတွင်းမှာ လူထုက ပိတ်မိနေတာကြောင့်လည်းပါတယ်။ ပိတ်မိနေတဲ့အကြောင်းအရင်းကတော့ စကစ(စစ်ကောင်စီ)က ပေးမထွက်တာမျိုးပေါ့” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်မေဇင်လတ်က DNA ကို ပြောပါတယ်။

သေဆုံးခဲ့ရသူတွေထဲ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၂၇ ဦး ပါဝင်ပြီး ကျန်တဲ့သုံးဦးကတော့ အလောင်းကောက်လို့ မရတာကြောင့် အမျိုးသားလား၊ အမျိုးသမီးလားဆိုတာ မခွဲခြားနိုင်သေးဘူးလို့ သိရပါတယ်။

လွိုင်ကော်အပါအဝင် စစ်ကောင်စီတပ်တွေရှိတဲ့ နေရာတချို့ကို ကရင်နီ ပူးပေါင်းတပ်တွေက အခုလ ၁၁ ရက်ကတည်းကနေ ဒီကနေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ တိုက်ပွဲအတွင်း အရပ်သားတွေရှိတဲ့ မြို့ပေါ်ရပ်ကွက်တွေအထဲထိပါ လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က မြို့ခံတချို့ကို မြို့ပြင်ထွက်ခွင့်မပေးဘဲ ပိတ်ပင်ထားသလို စစ်ရှောင်ဖို့ မြို့ထဲကနေ ထွက်ပြေးလာတဲ့ မြို့ခံတွေကို လိုက်လံပစ်ခတ်တာတွေပါ လုပ်နေတယ်လို့ သိရပါတယ်။

“စစ်တပ်က လူထုကို အပြင်ပေးမထွက်စေချင်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါကတော့ လုံးဝရက်စက်ယုတ်မာတဲ့ဟာ ဖြစ်တယ်” ဒေါ်မေဇင်လတ်က မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိလည်း မြို့ပြင်မထွက်နိုင်သေးဘဲ လွိုင်ကော်မြို့တွင်း ပိတ်ပိနေသေးတဲ့ မြို့ခံအများအပြား ရှိနေသေးတယ်လို့ လုံခြုံရေးစိုးရိမ်ရတယ်လို့လည်း သူကပြောပါတယ်။

လွိုင်ကော်မြို့တွင်းမှာတော့ လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်အင်အား ၁၅၀ လောက်နဲ့ တပ်စွဲထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို တော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

အဲဒီတိုက်ပွဲမှာတပ်မ ၆၆ လက်အောက်ခံ၊ ခမရ ၄၂၅ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား တရာကျော်သေဆုံးပြီး ကျန်တဲ့ တပ်သား ၃၂ ဦးကတော့ လက်နက်ချခဲ့တယ်လို့ ကရင် နီအမျိုးသားကာကွယ်ရေးတပ်(KNDF) က မနေ့ကထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေက အခုလိုတက္ကသိုလ်ကို ထိန်းချုပ်လိုက်တဲ့အတွက် ဒီလ ၁၃ ရက်မှာလွိုင်ကော်တက္ကသိုလ်မှာစတင်ဖြေဆိုမယ့် အဝေးသင်တက္ကသိုလ် တတိယအသုတ်စာပေးပွဲကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။