ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ရပ်ဆိုင်းထားမယ်ဆိုတဲ့ သတင်းမှား

နိုဝင်ဘာ၊ ၁၅

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မနေ့က နိုဝင်ဘာ ၁၄ ရက် ညပိုင်းကစလို့ မြို့သိမ်းတိုက်ပွဲကို ခဏရပ်ဆိုင်းထားမယ်ဆိုတဲ့ ထုတ်ပြန်ချက်တခု လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။

 “ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး” လို့အမည်ပေးထားတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ မနေ့က ည ၈ နာရီ ဝန်းကျင်မှာ သတင်းထုတ်ပြန်ချက်ဆိုတဲ့ ခေါင်းစဥ်နဲ့ “လက်ရှိအချိန်တွင် ရဲဘော်များ၏ ထိခိုက်ဒဏ်ရာရ ကျဆုံးမှုအချို့ကြောင့်အပြင် စစ်ကောင်စီ၏ လက်နက်အင်အားသာလွန်စွာဖြင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှုများကြောင့် မိမိတို့တပ်ဖွဲ့အနေဖြင့် မြို့သိမ်းတိုက်ခိုက်မှုအား ယနေ့ညမှစ၍ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်” ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

ဒါ့အပြင် တော်လှန်ရေး အမည်ခံ Page တွေနဲ့ လူပုဂ္ဂိုလ်တချို့ရဲ့  ဝါဒဖြန့်မှုတွေကို နားမယောင်ဖို့ ဆိုပြီး တော့လည်း အဲဒီဖေစ့်ဘွတ်ခ်စာမျက်နှာက  ရေးသားဖော်ပြထားပါသေးတယ်။

DNA Fact Check Team ကနေ အဲဒီစာမျက်နှာနဲ့ ထုတ်ပြန်ချက်ကို စစ်ဆေးကြည့်တဲ့အခါမှာ အဲဒီစာမျက်နှာဟာ လက်ရှိထီးချိုင့်မြို့တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေကို ကိုယ်စားပြုတဲ့ စာမျက်နှာမဟုတ်သလို  မြို့သိမ်းတိုက်ပွဲ ရပ်ထားမယ်ဆိုတဲ့ အကြောင်းအရာကလည်း အမှားဖြစ်တာကို  စစ်ဆေးနိုင်ခဲ့ပါတယ်။

“တိုက်ပွဲက မရပ်ပါဘူးဗျ၊ အခုနှစ်ဖက်အခြေအနေကတော့ တင်းမာနေဆဲပါဘဲ၊ ပြီးတော့အဲ့ Pageက ဂျင်းသတင်းတွေ တင်နေတဲ့ Page ပါ၊ ကျွန်တော်တို့ မြို့နယ်ကို ကိုယ်စားပြုတဲ့ page မဟုတ်ပါဘူး” လို့ ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲံ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

အာဏာသိမ်းကာလအစောပိုင်းကတည်းက ထီးချိုင့်မြို့နယ်အတွင်း မြေပြင်အခြေအနေတွေကိုဖော်ပြ ပေးနေတဲ့ Tigyaing Revolution-TR လူမှုကွန်ရက်စာမျက်နှာကလည်း အထက်ပါ သတင်းထုတ် ပြန်ချက်ဟာ မှန်ကန်မှုမရှိသလို ထုတ်ပြန်ချက်အတွင်း ဖော်ပြထားတဲ့ အချက်အလက်တွေဟာလည်း မမှန်ဘူးလို့ ရှင်းလင်းထားတာကို ဒီနေရာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ထီးချိုင့်မြို့ အနောက်ဘက်မှာရှိပြီး ထီးချိုင့်မြို့တွင်းတိုက်ပွဲ အခြေအနေတွေကို မျက်မြင်လှမ်းတွေ့နိုင်တဲ့ ကောလင်းဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတွေကလည်း ထီးချိုင့်ဘက်မှာ တိုက်ပွဲရပ်ဆိုင်းထားတယ်ဆိုတာ မမှန်ဘူးလို့ ပြောပါတယ်။

“နားလိုက်ပစ်လိုက်ပဲ အစ်မ၊ တိုက်ပွဲရပ်ထားတယ် ဆိုတာ အမှားပါ၊ ကောလင်းတုန်းကလည်း သတင်းအမှား ဖြန့်တာပဲလေ ခုလည်း ဒီလိုပါပဲ မနက်ကတောင် လေယာဥ်လာတယ် ကြားသေးတယ်” လို့ ကောလင်းမြို့နဲ့ အနီးတဝိုက် ဒေသအခြေအနေတွေကို ဖော်ပြပေးနေတဲ့ Kawlin Info တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းဌာနတွေမှာလည်း ထီးချိုင့်မြို့သိမ်း တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းမျိုး တင်ဆက်ထားတာမရှိ သေးပါဘူး။

 ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြတာ ရှိတဲ့အတွက် အလွယ်တကူမယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။ 

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

 DNA Fact Check Team ကို ဒီနေရာ (dnafactcheck@gmail.com) ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။