ရခိုင်တိုက်ပွဲနှစ်ရက်အတွင်း စစ်ကောင်စီ ရှေ့တန်းစခန်းနဲ့ ရဲစခန်းဆယ်နဲ့ချီရုပ်သိမ်း

နိုဝင်ဘာ၊ ၁၄

မနေ့ကမှ တိုက်ပွဲစခဲ့တဲ့ ရခိုင်မှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစခန်းတွေနဲ့ ရဲစခန်း ဆယ်ချီ ဆုတ် ခွာ၊ ရုပ်သိမ်းသွားခဲ့ပြီး AA တပ်ဖွဲ့ဆီ လက်နက်ချ၊ အညံ့ခံသူတွေလည်း ရှိတယ်လို့ AA အပါအဝင် နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

ရက္ခိုင့်တပ်တော်(AA)ဟာ ရခိုင်ပြည်နယ် ရသေ့တောင်၊ မောင်တော၊ မင်းပြားမြို့နယ်တို့အတွင်းက စစ်ကောင်စီ လက်အောက်ခံစခန်းတွေကို ဝင်ရောက်ထိုးစစ်ဆင်သိမ်းပိုက်ပြီးတဲ့နောက် အဲဒီလို စခန်းစွန့်ခွာ ထွက်ပြေးမှုတွေ ဆက်တိုက်ရှိလာခဲ့တာပါ။ 

“မနေ့က တိုက်ပွဲစကတည်းက ပြေးသွားကြပြီ၊ဒီနားက စစ်ကောင်စီစခန်းနှစ်ခုလုံးက ကောင်တွေ ပြေးသွားတာ၊ ဒီနေ့ တပ်တော်(AA)က ဝင်ပြီး အကုန်ရှင်းပစ်လိုက်ပြီ၊စခန်းတွေကို မီးရှို့လိုက်တယ်”လို့ ပုဏ္ဏာကျွန်းမြို့နယ် ပေါက်တောပြင်နဲ့ ပိန္နဲတောရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတွေ ဆုတ်ခွာသွားတဲ့အကြောင်း ဒေသခံ မျက်မြင်သတင်းရင်းမြစ်တဦးက DNA ပြောပြပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့်ရဲကင်းစခန်းတွေနဲ့ ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲမြို့ နယ်တို့အတွင်းက နယ်မြေရဲစခန်းအများစုဟာလည်း အလားတူပဲ စခန်းကိုစွန့်ခွာ ထွက်ပြေးသွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“မိသားစုတွေလည်း မြို့ထဲအကုန်ပြောင်းသွားတယ်။ မနေ့ကနေ့ခင်းကတည်းက ရဲစခန်းတံခါးတွေ အကုန်ပိတ်ပြီး ပြန်သွားကြတ”လို့ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာသားတဦးက ပြောပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်အရ အဲဒီလို စခန်းလိုက် ဆုတ်ခွာသွားတာဟာ မနေ့က တရက်တည်း ၄၀ နီးပါးရှိတယ်လို့ ဆိုထားပြီး ဒီနေ့ထွက်ပြေးတဲ့စခန်းတွေနဲ့ပါဆိုရင် ငါးဆယ်ဝန်းကျင်လောက် ရှိနိုင်တယ်လို့ စစ်ရေးနဲ့ နီးစပ်သူ တွေက ပြောပါတယ်။  

အဲဒီအရေအတွက်တွေနဲ့ပက်သက်လို့ DNA က သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။

“မောင်တောမှာ မြောက်ပိုင်းကစခန်းတွေရော၊ တောင်ပိုင်းကစခန်းတွေရော ပြန်သွားကြတာရှိတယ်၊မနေ့က တိုက်ပွဲဖြစ်တာလည်း အဲလိုထွက်ပြေးရင်း AA နဲ့ လမ်းမှာတွေ့လို့ ဖြစ်ကြတာလေ”လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။

အဲဒီလို ထွက်ပြေးကြတာဟာ AA နဲ့ ထိပ်တိုက်တွေ့၊ တိုက်ပွဲဖြစ်မှာကို စိုးရိမ်တဲ့အတွက် ကြောက်လန့်၊ ထွက်ပြေး တာဖြစ်နိုင်ပြီး အထက်ညွန်ကြားချက်တောင် မပါလောက်ဘူးလို့ ရခိုင်လူမျိုး စစ်ကောင်စီတပ်အ ရာရှိဟောင်းတဦးက သုံးသပ်ပါတယ်။

“တိုက်ပွဲကို တိုက်ရိုက် ရင်မဆိုင်ရဲတော့တဲ့သဘောပေ့ါ။ သူတို့ဟာ ထွက်ပေါက်မဲ့ဖြစ်နေပြီဆိုတော့ စခန်းတွေစုလာတဲ့သဘော။ စုပြီးတော့တောင် ခံရဲမယ်မထင်ဘူး။ စုပြီး ထွက်ပြေးကြမယ့်သေဘာ”လို့ သူက ဆိုပါတယ်။

အဲဒီလို စခန်းသိမ်း၊ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြတဲ့ တပ်စခန်းနဲ့ ရဲစခန်းတချို့ကို ရက္ခိုင့်တပ်တော်(AA)က ဖျက် ဆီး၊ မီးရှိုးပစ်တာတွေရှိသလို တချို့စခန်းတွေမှာတော့ ဝင်ရောက်အထိုင်ချ၊ နေရာယူတာတွေ ရှိနေတယ်လို့ နီးစပ် သူတွေက ပြောကြပါတယ်။

စခန်းသိမ်း၊ ထွက်ပြေးသူတွေအပြင် စခန်းလိုက် လက်နက်ချ၊ အညံ့ခံသူတွေလည်း ရှိနေပြီး  မနေ့က တရက် တည်းမှာပဲ ရဲတပ်ဖွဲ့ဝင် ၂၂ ဦးရှိတဲ့ ကျောက်တော်မြို့နယ် အပေါက်၀ရဲစခန်းနဲ့ တခြားစခန်းနှစ်ခုက ရဲတပ်ဖွဲ့ဝင်ခြောက် ဦး လက်နက်ချခဲ့ကြတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

အဲဒီလို လက်နက်ချအလင်းဝင်ကြမယ့်သူတွေကို ဆက်လက်ကြိုဆိုသွားမှာဖြစ်ပြီး အညံ့မခံသူတွေကိုတော့ ဆက်ပြီးတိုက်ခိုက်သွားမယ်လို့ AA က ဒီကနေ့နေ့လယ်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

AA ဟာ နှစ်ရက်တာတိုက်ပွဲတွေအတွင်း အငူမော် – မောင်တောကားလမ်းပေါ်မှာရှိတဲ့ ရသေ့တောင်မြို့နယ် ချိန်ခါ လီနဲ့ ဒုံးပိုက်နယ်ခြားစောင့်ရဲကင်းစခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးတဦးအပါအဝင် ၁၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်မှာတော့ ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ ထရွန်အိုင်နဲ့ နိုးဘူး ဗျူဟာစခန်းနှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်စခန်းတွေ သိမ်းခံနေရတဲ့ စစ်ကောင်စီဟာ လက်နက်ကြီးအထိုင်စခန်းတွေကနေ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်နေသလို ရခိုင်ပြည်တွင်း ကုန်လမ်း၊ ရေလမ်း ဆက်သွယ်ရေးလမ်းကြောင်းတွေအ ားလုံးကိုလည်း ဖြတ်တောက်၊ ပိတ်ပင်ထားပါတယ်။

ပုံစာ- စစ်ကောင်စီတပ်ဖွဲ့တွေစွန့်ခွာသွားတဲ့စခန်းတခုကို AA ကမီးရှို့ဖျက်ဆီးနေစဉ်