မန္တလေး မြို့သိမ်း ရွှေပြည်စိုး စစ်ဆင်ရေးမှာ ပြည်သူတွေပါဝင်ပေးဖို့ PDF တိုက်တွန်း

နိုဝင်ဘာ ၊ ၁၄
 
မန္တလေးမြို့ကို သိမ်းပိုက်ဖို့ ရည်ရွယ်တဲ့ ရွှေပြည်စိုး စစ်ဆင်ရေးမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးဖို့အတွက် အဲဒီစစ်ဆင်ရေးကို ပူးပေါင်းဆောင်ရွက်နေတဲ့ မန်းခရိုင် တပ်ရင်း (၃) ရဲ့ တပ်ရင်းမှူး ဗိုလ်နက္ခတ်က တိုက်တွန်းလိုက်ပါတယ်။
 
“ ပြည်သူကို သတင်းစကား ပါးချင်တာကတော့ စကစ အဖွဲ့တွေနဲ့ ဝေးရာမှာ နေပေးပါ။ တိုက်ပွဲအသံ ကြားရင် မစပ်စုပါနဲ့။ PDF ရဲဘော်တွေရဲ့ သတင်းကို မပေါက်ကြားစေဘဲ နှုတ်လုံခြင်းဖြင့် ပူးပေါင်းပေးပါ “ လို့ ဗိုလ်နက္ခတ်က ဆိုပါတယ်။
 
ရွှေပြည်စိုး စစ်ဆင်ရေးကို မနေ့က စတင်လိုက်ပြီး နေ့လယ် ၁ နာရီလောက်က အမရပူရမြို့နယ် တောင်သမန်ကန်ထိပ်ရှိ အမှတ် (၂) ပင်မအလုပ်ရုံ လျှပ်စစ်ဌာနနဲ့ တမာတန်းရှိ စစ်တပ်အရာရှိ အိမ်ယာကို Fixed Wing Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
 
“ MDY ECD ရုံးရဲ့ အရှေ့ဖက် ထောက်လှမ်းရေး (၁၆) နဲ့ ကပ်လျက် ပလစ (၂) စစ်တပ်ဝန်းထဲကို ဗုံးကျဲပြီး တမာတန်းထိပ်က ယာဉ်သိုလှောင်ရေးတပ်က အရာရှိ အိမ်ယာထဲကို လေယာဉ်ထိုးချလိုက်တာပါ ” လို့ ဗိုလ်နက္ခ ကပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ရဲ့ထိခိုက်မှု အခြေအနေတွေကို မသိရသေးပေမယ့် အထိအခိုက်များနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။
 
ဒါ့အပြင် တောင်သမန်ကန်ပတ်လမ်း အနီးတဝိုက်မှာ မနေ့က နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရပြီး ပလစ (၂) တပ်ဝန်းထဲကို လူမူကူညီရေး အသင်းကားတွေ ဝင်ရောက်သွားတာကို တွေ့ခဲ့ရတယ်လို့ လုံခြုံံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
“ ညပိုင်းကတောင် ကျွန်တော်တို့ရပ်ကွက်ကို ဧည့်စာရင်း စစ်မယ်ဘာညာ သတင်းတွေ ကြားတော့ လန့်နေသေးတယ်။ အဲတပ်က အတော်ကျယ်တယ်။ သူတို့ ဒရုန်းနဲ့ ချမယ်ဆိုရင်တော့ ရပ်ကွက်တွေထဲ ကျနိုင်တာမျိုးတော့ မရှိဘူး ” လို့ သူကဆိုပါတယ်။
 
မန္တလေးခရိုင်အတွင်းရှိ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ တပ်ရင်း (၃)၊ တပ်ရင်း (၄)၊ တပ်ရင်း (၅) နဲ့တပ်ရင်း (၆) တပ်ရင်း လေးခုပေါင်းပြီး မန္တလေးမြို့ကို ပြန်လည်စိုးမိုးဖို့ ရည်ရွယ်ချက်နဲ့ ရွှေပြည်စိုး စစ်ဆင်ရေး ဆောင်ရွက်နေတာလို့ အဲဒီအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
 
လက်ရှိ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ရဲနဲ့ စစ်သားတွေအနေနဲ့ CDM အမြန်ဆုံးဝင်ရောက်ကြဖို့နဲ့ ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုနဲ့ ဝေးရာမှာ နေကြဖို့ကိုလည်း အဲဒီအဖွဲ့တွေက တိုက်တွန်းထားပါသေးတယ်။
 
” ကျွန်မတို့ကတော့ ပူးပေါင်းပေးဖို့ အသင့်ပါပဲ။ ဘယ်လိုပူးပေါင်းရမယ်ဆိုတာ သေချာမသိပေမယ့် ” လို့ မန္တလေးမြို့က နိုင်ငံရေးအကျဉ်းသားတဦးရဲ့ ဇနီးက ပြောပါတယ်။
 
ဒါ့အပြင် တောင်သမန် ကမ်းပတ်လမ်း တလျှောက်မှာ ရွှေပြည်စိုးစစ်ဆင်ရေးရဲ့ အောင်လံကို စစ်ဆင်ရေးစတင်တဲ့ အထိမ်းအမှတ် မနေ့က စိုက်ထူခဲ့ကြတယ်လို့ အဲဒီအဖွဲ့တွေက ထုတ်ပြန်ထားပါသေးတယ်။
 
မန္တလေးမြို့မှာ စစ်ဆင်ရေးတခု စတင်တယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ စိုရိမ်ထိန့်လန်မှုတွေ ရှိနေပြီး အဓိကအားဖြင့် ညပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှာကို ထိတ်လန့်နေကြတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
 
“ အခုချိန်မှာ CDM ဝင်ဖို့ဆိုတာက မြို့ပေါ်ဆိုတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ခုတရှိတာက ရှမ်းပြည်ကလို ဝင်တိုက်မယ်ဆိုရင်တော့ ခံတိုက်မှာမျိုးတော့ မဟုတ်ဘူး။ သေချာတယ် အလွယ်တကူပဲ သူတို့ အသက်ရှင်ရေး ရွေးကြမှာပါ “ လို့ သူက ပြောပါတယ်။
 
မြောက်ပိုင်းညီနောင်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စကြေညာပြီးတဲ့နောက် CNA၊ KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကလည်း တပြိုင်နက် ထိုးစစ်ဆင်ခဲ့ကြပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြုကုတ် (ပန်ဆိုင်း)၊ နမ့်ခမ်း၊ သိန္နီ၊ စစ်ကိုင်းတိုင်းက ကောလင်း (ခရိုင်မြို့)နဲ့ ခမ်းပတ်မြို့ တို့ကို သိမ်းပိုက်ရရှိထားကြပြီ ဖြစ်ပါတယ်။
 
ဒါ့အပြင် စစ်ဆင်ရေး ၁၀၂၇ မှာပါဝင်တဲ့ ရက္ခိုင့်တပ်တော် (AA) ကလည်း ဒီကနေ့မနက်မှာ ရခိုင်ပြည်နယ်မှာ စစ်မျက်နှာသစ် ထပ်မံဖွင့်လှစ်လိုက်တဲ့အတွက် တနှစ်နီးပါးကြာ ရပ်နေတဲ့ တိုက်ပွဲတွေ တကျော့ပြန်စဖြစ်နေပါတယ်။
 
မန္တလေးမြို့မှာ ရပ်ကွက်ရုံးတွေနဲ့ ရဲစခန်းတွေမှာ လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအဖွဲ့တွေက ပျောက်ကြားစနစ်နဲ့ အနီးကပ်ပစ်ခတ် ရှင်းလင်းတာမျိုးတွေ လုပ်ဆောင်လေ့ရှိပေမယ့် အခုလို မြို့သိမ်းတိုက်ပွဲသဘောမျိုး ကြေညာတာ အခုပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
“ မြို့တွင်း စစ်ဆင်ရေး ဆိုတော့စိန်ခေါ်မှု က အရမ်း များပါတယ်။ Risk လည်း အရမ်းယူရပါတယ် ” လို့ ဗိုလ်နက္ခတ်က ပြောပါတယ်။
 
ဓာတ်ပုံ – ရွှေပြည်စိုးစစ်ဆင်ရေး