နိုဝင်ဘာ၊ ၁၃
ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာမိသားစုဝင်သုံးဦးဟာ နိုဝင်ဘာလ ၆ ရက်က ဘုရားဖူးသွားရင်း ယာဉ်မတော်တဆမှုဖြစ်လို့ အမျိုးသမီးဖြစ်သူ သေဆုံးကာ ခင်ပွန်းနဲ့ ကလေးဖြစ်သူတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီစောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။
“ သူ့အမျိုးသမီးကတော့ ကွယ်လွန်သွားတယ်။ ဒါပေမယ့် သူ့ရဲ့ကလေးကတော့ ခြေထောက်ရယ်၊ လက်ရယ် ကျိုးသွားတယ်။ သူကတော့ လက်ရှိကတော့ ခြေထောက်တချောင်း ဖြတ်လိုက်ရတာပေါ့ ” လို့ မြန်မာနိုင်ငံ အလုပ်သမားရေးရာ ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။
ယာဉ်မတော်တဆမှု ဖြစ်သူတွေဟာ ဘန်ကောက်မြို့၊ စမွတ်ခရိုင်၊ မဟာချိုင်မြို့နယ်၊ အုန်းနွဲ့ မှာနေထိုင်ပြီး နခွန်ပထုံမြို့မှာရှိတဲ့ နဂါးပတ်ဘုရားကို သွားဖူးရာက ဘန်ဖယုံမြို့မှာ ကားနဲ့ဆိုင်ကယ် မတော်တဆတိုက်မိရာက အမျိုးသမီးသေဆုံးခဲ့ပြီး ကလေးနဲ့ ခင်ပွန်းဖြစ်သူ ဒဏ်ရာရခဲ့တာလို့ ကူညီပေးသူထံက သိရပါတယ်။
ယာဉ်မတော်တဆမှုမှာ ဆိုင်ကယ်မောင်းလာတဲ့ ကိုအောင်ဆန်းဦးရဲ့ အမျိုးသမီး မအေးအေးမော် သေဆုံးခဲ့ပြီး သမီးဖြစ်သူ မနှင်းရတီဦးက ညာဘက်လက်နဲ့ ဘယ်ဘယ် ခြေထောက်ကျိုး ကာ သူကိုယ်တိုင်လည်း ခြေထောက်တဖက် ဒူးဆစ်ထိ ဖြတ်လိုက်ရပြီး နခွန်ပထုံမြို့ဆေးရုံမှာ ကုသနေရတာပါ။
“ ကားနဲ့ အကွေ့လမ်းမှာ ဆိုင်ကယ်က တည့်တည့်မောင်းလာတာ။ ပြောမယ်ဆို ကျွန်တော်တို့ မြန်မာအမျိုးသား ဆိုင်ကယ်မောင်းတဲ့သူက မှားတာပေါ့။ လမ်းကွေ့မှာ သွားပြီးတော့ မီးပွိုင့်မှာ ရပ်ရမယ့်နေရာကို မရပ်ပဲ ထိုးပြီး ကွေ့ချလိုက်တာ အရှိန်လွန်ပြီး မောင်းတာနဲ့ ဟိုဘက်က လာတဲ့ ကားနဲ့ တိုက်မိသွားတာ ” လို့ WAG က ကိုမုန်တိုင်းက ပြောပါတယ်။
ယာဉ်မတော်တမှု ဖြစ်ပွားရာမှာ ဇနီးဖြစ်သူ သေဆုံးသွားတဲ့အတွက် ကိုအောင်ဆန်းဦးဟာ စိတ်ထိခိုက်နေပြီး သူတို့မိသားစု အလုပ်အကိုင်၊ အသက်အရွယ် စတဲ့အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။
အဲဒီမိသားစုက ကရင်ပြည်နယ်ကနေ ထိုင်းကို ရွှေ့ပြောင်းခဲ့ကြတာဖြစ်ပြီး ထိုင်းမှာအချိန်ကာလတခုအကြာထိ နေထိုင်နေကာ အခြေကျနေထိုင်ခဲ့ရင်းက အခုလို ယာဉ်မတော်တဆမှုမျိုးကို ကြုံခဲ့ရတာပါ။
ထိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကရင်ပြည်နယ်အတွင်းက ဒေသခံတွေဟာ နှစ်ပေါင်း ရှည်ကြာစွာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ထိုင်းနိုင်ငံမှာ တရားဝင်ကော တရားမဝင်ပါ နှစ်ပေါင်းများစွာ သွားရောက်နေထိုင်ကြတာ ရှိပါတယ်။
ထွက်ပြေးသွားတဲ့ ကားပိုင်ရှင်က ဒီလ ၇ ရက်မှာ နစ်နာသူအမျိုးသားနဲ့ ကလေးကို ဆေးရုံမှာ လာရောက်ဆက်သွယ်ခဲ့ပြီး ဆေးကုသစရိတ်ကို တာဝန်ယူပေးမယ်ပြောပေမယ့် ကိုအောင်ဆန်းဦးက သေဆုံးသူ အမျိုးသမီးအတွက်ပါ တာဝန်ယူမှု လိုချင်တာကြောင့် WAG အဖွဲ့ကို အကူညီတောင်းခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံ အလုပ်သမားရေး ကူညီဆောင်ရွက်ရေးအဖွဲ့ WAG အနေနဲ့ အဲဒီယဉ်မတော်တဆမှုမှာ ထိခိုက်နစ်နာသွားတဲ့ မြန်မာနိုင်ငံသား ကရင်မိသားစုအတွက် တရားမျှတမှုနဲ့ လျော်ကြေးရရှိရေးအတွက် ဆောင်ရွက်ပေးနေတယ်လို့လည်း WAG ကဆိုပါတယ်။
အခုလက်ရှိ သမီးဖြစ်သူ မနှင်းရတီဦးကတော့ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပေမယ့် ကိုအောင်ဆန်းဦးကိုတော့ မဟာချိုင်(၂) ဆေးရုံကို ပြောင်းရွေ့ကာ ဆေးကုသမှု ဆက်လက်ခံယူနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – WAG