လွိုင်ကော်အနီး တိုက်ပွဲတွေကြောင့် ယာဉ်တချို့ ပိတ်မိနေပြီး ခရီးသည်တွေ ဖယ်ခုံမှာ သောင်တင်

နိုဝင်ဘာ ၁၃
 
ကရင်နီ (ကယား)ပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့အနီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လွိုင်ကော်ကိုသွားမယ့် ခရီးသည်တင်ကားတချို့ ရှမ်းပြည်နယ်၊ ဖယ်ခုံဘက်မှာ ပိတ်မိနေတာ သုံးရက်ရှိပြီလို့ ယာဉ်လိုင်းတာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေထံက သိရပါတယ်။
 
” တိုက်ပွဲတွေဖြစ်ပြီး လမ်းကြောင်းတွေ ပိတ်ထားတော့ လွိုင်ကော်ကလူကလည်း ဟိုဘက်ကို သွားမရ၊ ဟိုဘက်ကလူကလည်း လွိုင်ကော်ကို လာမရ ဖြစ်နေတာ ” လို့ အမည်မဖော်လိုသူ လွိုင်ကော်မြို့ခံ ခရီးသည်ယာဉ်လိုင်း တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
လက်ရှိမှာတော့ လွိုင်ကော်ထဲ ဝင်မရဘဲ နိုဝင်ဘာ ၁၁ ရက်ကတည်းက ဖယ်ခုံမှာ သောင်တင်နေတဲ့ ခရီးသည်ဦးရေ နှစ်ရာထက်မနည်း ရှိတယ်လို့ သိရပါတယ်။
 
” ဖယ်ခုံမှာပဲ ဝိုင်းပြီး ချက်ပြုတ်စားသောက်နေရတာပေါ့။ အခြေအနေ အေးဖို့ကို စောင့်နေတာ၊ အခက်အခဲကတော့ ရေချိုးတာဘာညာကအစ အကုန်ခက်တာပေါ့ ” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
 
လွိုင်ကော်မြို့ ပတ်လည်တဝိုက်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ တပ်စခန်းတချို့ကိုတော့ အခုနိုဝင်ဘာ ၁၁ ရက်က (၁၁၁၁) စစ်ဆင်ရေးအနေနဲ့ ကရင်နီပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့အထိလည်း နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
 
” မြို့ထဲမှာလည်း ပိတ်မိနေတဲ့ ပြည်သူတွေ အများကြီးရှိတယ်။ စစ်ကောင်စီက ပြည်သူလူထုတွေကို ဒိုင်းကာသဘောမျိုး လုပ်ချင်တဲ့ အနေအထားမျိုးလည်း ရှိနေတယ် ” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
 
လက်ရှိမှာတော့ လွိုင်ကော်မြို့နဲ့ အနီးတဝိုက် ပစ်ခတ်မှုတွေကြောင့် မြို့ခံတချို့ နေအိမ်အပြင် မထွက်ရဲကြသလို မြို့ပြင်ထွက်ပြီး တိမ်းရှောင်ဖို့ကလည်း စစ်ကောင်စီတပ်က ထွက်ခွင့်မပေးဘူးလို့ သိရပါတယ်။
 
” မနက်စောစော စျေးဝယ်ဘာညာပဲ အပြင်ထွက်တာ။ သွားဖို့လာဖို့က လမ်းတွေ အကုန်ပိတ်နေတယ်ဆိုတော့လည်း လောလောဆယ်ကတော့ ရှောင်လို့လည်း မရဘူး၊ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး ” လို့ လွိုင်ကော်မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။
 
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကတော့ လွိုင်ကော်မြို့နဲ့ အနီးတဝိုက် စစ်ဇုန်ဖြစ်လာနိုင်တာကြောင့် အရပ်သားတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြဖို့နဲ့ လတ်တလော ပြောင်းရွှေ့ဖို့ အခက်အခဲရှိပါက နေအိမ်အတွင်း အကာအကွယ်ရှိတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ အခုလ ၁၁ ရက်က ထုတ်ပြန်သတိပေးထားပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – ကယား (ကရင်နီ) ပြည်နယ်မြို့တော် လွိုင်ကော်မြို့အနီးမှာ နိုဝင်ဘာလ ၁၁ ရက်က စတင်တဲ့ စစ်ဆင်ရေး (၁၁၁၁) တိုက်ပွဲတွေကြောင့် ဖယ်ခုံမှာ သောင်တင်နေတဲ့ ခရီးသည်တင်ယာဉ်တချို့ကို ဒီလ ၁၂ ရက်က တွေ့ရစဉ်။