ကရင်နီမှာ စစ်ကောင်စီလေယာဉ်ပစ်ချခံရ

နိုဝင်ဘာ၊ ၁၁

ကယား(ကရင်နီ)ဒေသမှာကရင်နီပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတို့ဒီကနေ့တိုက်ပွဲအတွင်းတိုက်ခိုက်ရေးလေ ယာဉ်တစီးပျက်ကျခဲ့တယ်လို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီက သူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားသလို KNDF ပြန်ကြားရေးဌာနတာဝန်ခံကလည်း DNAကိုအတည်ပြုပြောပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ဒီကနေ့ ညနေပိုင်းမှာစစ်ကောင်စီတပ်ရဲ့ လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တာလို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနတာဝန်ခံက ဆိုပါတယ်။

“လေယာဉ်အမျိုးအစားနဲ့တခြားအသေးစိတ် မသိသေးရသေးဘူး” လို့ သူက ပြောပါတယ်။

KNDF ဒုစစ်ဦးစီးချုပ် မာဝီကတော့ “ကရင်နီငှက်ကင်အတည်ပြုပါတယ်”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။

ဒီကနေ့တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ပိုင်းလော့နှစ်ဦး အရေးပေါ်လေ ထီးနဲ့ခုန်ချထွက် ပြေးလွတ်မြောက်သွားကာ အဲ့ဒီထဲက တဦးရဲ့ စစ်အသုံးအဆောင်အထောက်အထားတချို့ ဖရူဆိုမြို့နယ်ထဲမှာတွေ့ရကြောင်း မဇ္ဈိမသတင်းဌာနက ဓာတ်ပုံတွေနဲ့တကွဖော်ပြထားပါတယ်။

အဲ့ဒီအထောက်အထားတွေမှန်ကန်တယ်ဆိုရင် ဒါကြောင့် လေယာဉ်ပစ်ချခံရတာ သေချာတယ်လို့ စစ်ကောင်စီလေတပ်ကနေ CDM ပြုလုပ်ထားတဲ့ တပ်ကြပ်ကြီး  ဇေယျက သုံးသပ်ပါတယ်။

“ ဒီအသုံးအဆောင်ပစ္စည်းတွေက မြေပြင်မှာ တကယ်ကျနေခဲ့တာ မှန်တယ်၊ သူတို့ဘက်က တွေ့တာ မှန်ပြီဆိုရင် ဒီပိုင်းလော့က ခုန်ထွက်သွားတာ၊ချွတ်ထားတဲ့ ပုံစံမျိုးပါ၊ ပစ္စည်းတွေ ချွတ်ထားပြီး ထွက်ပြေးသွားတဲ့ ပုံစံမျိုး များပါတယ်၊ပထမတကြိမ်လည်း ပစ်ချဖူးတယ်လေ” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း ကရင်နီပြည်(ကယား) ဘော်လခဲမြို့နယ်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးသုံးလေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကရင်နီပြည်လူ မျိုးပေါင်းစုံပြည်သူ့လွတ်မြောက် ရေးတပ်ဦး (KNPLF – ကလလတ)ဘက်က ပြောဆိုထားပါတယ်။

အဲဒီဖြစ်စဉ်မှာတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လေယာဉ် ပစ်ချခံရတာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး ဒီကနေ့ဖြစ်စဉ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တုံ့ပြန်မှုမရှိသေးပါဘူး။

ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်တပ်တွေက ၁၀၂၇ စစ်ဆင်ရေးအရှိန်မြှင့်နေချိန် ကရင်နီပူးပေါင်းတပ်တွေလည်း ဒီကနေ့ ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့အပါအဝင် ကရင်နီဒေသတွင်းမှာ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ခဲ့တာပါ။

“တမနက်လုံးပဲပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတာ ၊မြို့အထွက်ဘက်ပေါ့ မိုးဗြဲဘက်ကို ထွက်တဲ့ ဘက်က ထေးငှားလျား ၊ နောင်ယားဘက်က အသံတွေ ကြားနေရတာ”လို့ လွိုင်ကော်မြို့ခံ ကျောင်းဆရာမတဦးက ဒီကနေ့မနက်ပိုင်းမှာ DNAကိုပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်းကရင်နီပူးပေါင်း တပ်တွေဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနဲ့ နန်းစံခမ်းတို့မှာရှိတဲ့ စစ်ကောင်စီတပ် စခန်း ခုနစ် ခုကိုသိမ်းပိုက်ရရှိထားပြီလို့ ညီနောင်သုံးဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

KNDF ဗဟိုသတင်းနဲ့ ပြန်ကြား ရေးဌာနတာဝန်ခံကတော့ ကရင်နီပြည်အတွင်း စစ်အာဏာရှင်ချုပ်ငြိမ်းရေး လှုပ်ရှားမှုအစိတ်အပိုင်းတခုအဖြစ် “၁၁၁၁” စစ်ဆင်ရေးကို မဟာမိတ်ပူးပေါင်းအဖွဲ့ တွေနဲ့အတူ တိုက်ခိုက်နေတာဖြစ်တယ်လို့ပြောပါတယ်။

“တနိုင်ငံလုံးအတိုင်းအတာနဲ့ “၁၁၁၁” စစ်ဆင်ရေးပေါ့နော် လွိုင်ကော်ဒေသပတ်ဝန်းကျင်မှာ ရှိတဲ့ ကင်းစခန်းတွေ၊ ရဲစခန်းတွေ၊ ကင်းပုန်းတွေ၊ စစ်ဆေးရေးဂိတ်တွေကို သွားရောက်တိုက်ခိုက်တာ” လို့ သူက ပြောပါတယ်။

ဒီကနေ့ ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေအပြင် လေကြောင်းကနေလည်း အကြိမ် ၂၀ ဝန်းကျင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ အခုညပိုင်းမှာနှစ်ဖက်တိုက်ပွဲ ငြိမ်သက်သွားပေမယ့် အချိန်မရွေးထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြား ရေးဌာနတာဝန်ခံကပြောပါတယ်။ဒီကနေ့တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ သတင်းထုတ်ပြန်မယ်လို့ သူကပြောပါတယ်။

အဲ့ဒီလိုနှစ်ဖက်စစ်ရေးပြင်းထန်နေတာကြောင့် ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ၊ နေအိမ်အပြင်ထွက်တာတွေ မလုပ်ကြဖို့နဲ့ လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲနဲ့ လွိုင်ကော် – ဆီဆိုင်လမ်းမကြီးကို အသုံးမပြုကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ထားပါတယ်။