ဖိလစ်ပိုင် ရေယာဉ်တွေကို အန္တရာယ် ရှိလောက်တဲ့ထိ တရုတ် ကမ်းခြေစောင့်တပ် နှောင့်ယှက်ခဲ့ကြောင်း ဖိလစ်ပိုင် စွပ်စွဲ

နိုဝင်ဘာ၊ ၁၁

တရုတ် ကမ်းခြေစောင့်တပ်ရဲ့ ရေယာဉ်တွေဟာ ဖိလစ်ပိုင် လှေတွေကို အန္တရာယ် ရှိလောက်တဲ့ အခြေအနေမျိုးထိ နှောင့်ယှက်ခဲ့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက် ဖိလစ်ပိုင်ရဲ့ ထုတ်ပြန်ချက်မှာ တရုတ် ကမ်းခြေစောင့်တပ်ဟာ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရဲ့ ရိက္ခာဖြည့်တင်းရေး လှေတွေကို အားပြင်းတဲ့ မီးသတ်ပိုက်နဲ့ လှမ်းထိုးတာ အပါအဝင် အမျိုးမျိုး အနှောင့်အယှက် ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဖိလစ်ပိုင်နဲ့ တရုတ် ကမ်းခြေစောင့် ရေယာဉ်တွေဟာ နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားရာ တောင်တရုတ် ပင်လယ်ထဲမှာ ထိပ်တိုက် ရင်ဆိုင် ပဋိပက္ခတွေ ပိုမို အရှိန်မြင့်လာပါတယ်။ ဖိလစ်ပိုင်ဟာ စစ်သင်္ဘောဟောင်း တခုကို သောင်တင်စေပြီး စစ်အခြေစိုက် စခန်းအဖြစ် ထားရှိရာ ကမ်းဝေးသောင်ခုံ ကင်းစခန်း တခုဆီ ရိက္ခာတွေ ပို့ဆောင်တဲ့အခါ အခုလိုမျိုး တရုတ် ကမ်းခြေစောင့် ရေယာဉ်တွေနဲ့ ပြဿနာ တက်နေတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် စစ်သင်္ဘောဟောင်း တဖြစ်လဲ ကင်းစခန်း အခြေစိုက် ထားရှိရာ ဒုတိယ သောမတ်စ် သောင်ခုံကျွန်းဟာ တရုတ်ရေပိုင်နက်ထဲမှာ ရှိနေတယ်လို့ တရုတ်ကလည်း အခိုင်အမာ ပြောကြားထားပါတယ်။

ဖိလစ်ပိုင်က တရုတ် ကမ်းခြေစောင့် ရေယာဉ်တွေရဲ့ လုပ်ရပ်ဟာ နိုင်လိုမင်းထက် နှောင့်ယှက်တဲ့ အဓိပ္ပါယ်ဖြစ်ပြီး အဆင်ခြင် ကင်းမဲ့လွန်းတယ်လို့ ဝေဖန်ပါတယ်။ တရုတ် ရေယာဉ်တွေဟာ လမ်းပိတ်ပြီး ခုတ်မောင်းတာ၊ အန္တရာယ် ရှိလောက်တဲ့ထိ နီးနီးကပ်ကပ် ချဉ်းကပ် ခုတ်မောင်းတာတွေ လုပ်ခဲ့တယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။

နောက်ပြီး တရုတ် ကမ်းခြေစောင့် ရေယာဉ်တစီးက ဖိလစ်ပိုင်ရဲ့ ရိက္ခာတင် လှေနှစ်စီးကို မီးသတ်ပိုက်နဲ့ လှမ်းထိုးခဲ့တယ်လို့လည်း ဆိုပါတယ်။ တရုတ်ကတော့ ဖိလစ်ပိုင်ရဲ့ ကမ်းခြေစောင့် ရေယာဉ် ၃ စီးနဲ့ ရိက္ခာတင် ရေယာဉ် ၂ စီးဟာ တရုတ် ရေပိုင်နက်နား ချဉ်းကပ်လာတာကြောင့် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တုံ့ပြန်ခဲ့တာသာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဒုတိယ သောမတ်စ် သောင်ခုံကျွန်းဟာ ဖိလစ်ပိုင် အနောက်ပိုင်းက ပါလာ​ဝမ် ကျွန်းနဲ့ ကီလိုမီတာ ၂၀၀ အကွာမှာ တည်ရှိပြီး တရုတ်ရဲ့ အဓိက ပိုင်နက် ကုန်းမြေဖြစ်တဲ့ ဟိုင်နန်ကနေတော့ ကီလိုမီတာ ၁၀၀၀ ကျော်ထိ ဝေးကွာကြောင်း သိရပါတယ်။