ကြိုတင် မကြေညာဘဲ အနောက်ဖက် ကမ်းခြေဒေသကို ဘလင်ကန် သွားရောက်

နိုဝင်ဘာ၊ ၆

ကြိုတင် ကြေညာမထားတဲ့ ခရီးစဉ်အဖြစ် အနောက်ဖက် ကမ်းခြေ ဒေသကို သွားရောက်ခဲ့တဲ့နောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ပါလက်စတိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပါလက်စတိုင်း နယ်မြေနှစ်ခု ကွဲပြားတည်ရှိနေရာမှာ ဟားမားစ် ပြောက်ကျားတွေ ထိန်းချုပ်ထားတဲ့ ဂါဇာ ကမ်းမြှောင်ဒေသကို အစ္စရေးက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အနောက်ဖက် ကမ်းခြေဒေသကို ဘလင်ကန်က ရုတ်တရက် သွားရောက်ခဲ့တာပါ။

နိုဝင်ဘာ ၅ ရက် ခရီးစဉ်မှာ ဘလင်ကန်ဟာ ပါလက်စတိုင်း သမ္မတ မာမွတ် အဘက်စ် အပါအဝင် ပါလက်စတိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဂါဇာက တင်းမာမှုတွေ ပြေလျော့စေဖို့ သမ္မတ ဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အမေရိကန် အစိုးရက အစွမ်းကုန် အားထုတ် ကြိုးပမ်းနေကြောင်း အာမခံ ပြောကြားခဲ့ပါတယ်။

ဘလင်ကန်ဟာ အဲဒီနောက်ပိုင်းမှာ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက် မြို့တော်ဆီ ခရီးဆက်ခဲ့ပြီး ဝန်ကြီးချုပ် မိုဟာမက် ရှီယာ အယ်လ် ဆူဒါနီနဲ့ တွေ့ဆုံခဲ့သလို အီရတ် အခြေစိုက် အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အပေါ် ဆွေးနွေးခဲ့ပါသေးတယ်။

ဘလင်ကန်ဟာ အနောက်ဖက် ကမ်းခြေဒေသမှာ ရာမယ်လာမြို့ကို သွားရောက်ပြီး သူ့ရဲ့ ခရီးစဉ်အတွက် သံချပ်ကာ ယာဉ်တန်းကို စီစဉ်ခဲ့ပြီး လုံခြုံရေး အထူးတင်းကျပ်ထားခဲ့ရပါတယ်။ အဲဒီ ခရီးစဉ်ဟာ အစ္စရေး-ဟားမားစ် စစ်ပွဲ စတင်လာတဲ့နောက်ပိုင်း အရှေ့အလယ်ပိုင်း ဒေသက စစ်ပွဲဇုန် တဝိုက်မှာ ဘလင်ကန် လှုပ်ရှား သွားလာနေတဲ့ တတိယမြောက် သံတမန်ရေးရာ အားထုတ်မှုလည်း ဖြစ်လာပါတယ်။

အမေရိကန် အစိုးရက ဂါဇာမှာ အရပ်သား ပြည်သူတွေအတွက် အရေးကြီးတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ တင်ပို့နိုင်ဖို့ စစ်ပွဲတွေ ယာယီ ရပ်ဆိုင်းစေလိုကြောင်း အဆိုပြုခဲ့တာကို အစ္စရေးက ပယ်ချထားပါတယ်။

ဂါဇာအရေး ဆွေးနွေးမှုနဲ့ ပတ်သက်လို့ ဘလင်ကန်ရော၊ အဘက်စ်ပါ သီးခြား ကြေညာချက် ထုတ်ပြန်တာမျိုး မရှိခဲ့ကြောင်းလည်း သိရပါတယ်။

 

Ref: AFP