နိုဝင်ဘာ၊ ၆
ဖိလစ်ပိုင်မှာ လူသိများတဲ့ ရေဒီယို ဒီဂျေတဦးဟာ ထုတ်လွှင့်မှု အစီအစဉ် အတောအတွင်းမှာ ပစ်သတ် ခံရပြီး သေဆုံးသွားခဲ့ပါတယ်။
အသက် ၅၇ နှစ်အရွယ် ရေဒီယို ထုတ်လွှင့်ရေး အစီအစဉ်မှူး ဟွမ်ဂျူမာလွန်ဟာ နိုဝင်ဘာ ၅ ရက်က သူ့ရဲ့ ရေဒီယို ဒီဂျေ အစီအစဉ်ကို မီဆာမစ် ဒေသမှာ ကိုယ်တိုင် တာဝန်ယူ ထုတ်လွှင့်နေတဲ့အချိန် သေနတ်နဲ့ ပစ်သတ် ခံခဲ့ရကြောင်း ဖိလစ်ပိုင် အမျိုးသား ဂျာနယ်လစ်များ အစည်းအရုံး (NUJP)က ထုတ်ပြန်ခဲ့ပါတယ်။
အနုပညာနာမည် ဒီဂျေ ဂျော်နီဝေါ့ကားလို့ နာမည်ကြီးတဲ့ ဂျူမာလွန်ဟာ ဖိလစ်ပိုင်မှာ ပရိသတ်အင်အား အခိုင်အမာ ရှိနေတဲ့ Gold FM 94.7 ရေဒီယိုအတွက် အလုပ်လုပ်နေသူ ဖြစ်ပါတယ်။
ရေဒီယို ထုတ်လွှင့်မှု အစီအစဉ်ကို Facebookကနေ Live Stream ထုတ်လွှင့်နေခဲ့တာကြောင့် အမည်မသိ သေနတ်သမားတွေက ဂျူမာလွန်ကို ဝင်ရောက် ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ မှတ်တမ်း ဗီဒီယိုကို လူအများက တွေ့မြင်ခဲ့ရပါတယ်။
ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အခု တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချပြီး ထိထိရောက်ရောက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အမိန့်ပေးခဲ့ပါတယ်။
ဂျာနယ်လစ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ကိစ္စမျိုးကို ဒီမိုကရေစီက သည်းခံမှာ မဟုတ်ကြောင်း၊ ဒါဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ထိပါးခြင်းဖြစ်ပြီး ကျူးလွန်သူတွေ အနေနဲ့ အကျိုးဆက်တွေကို အပြည့်အဝ လက်ခံရမှာဖြစ်ကြောင်း မားကို့စ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
ဂျူမာလွန်ကို ပစ်မှတ်ထား လုပ်ကြံခဲ့တဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ ကနဦး စုံစမ်းမှုတွေအရ ပစ်ခတ်မှု ကျူးလွန်ခဲ့တာ အနည်းဆုံး နှစ်ဦး ပါဝင်ပြီး ရေဒီယို ဌာနထဲကို အရေးတကြီး ကိစ္စရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခွင့်တောင်းပြီး ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဂျူမာလွန် အလုပ်လုပ်နေတဲ့ အခန်းထဲ ဝင်လာပြီး တယောက်က သေနတ်နဲ့ သူ့ကို တချက်တည်း ပစ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။
ဂျူမာလွန်ကို အနီးဆုံး ဆေးရုံဆီ အရေးပေါ် တင်ပို့ခဲ့ပေမယ့်လည်း အသက်မမီခဲ့ပါဘူး။ ဖိလစ်ပိုင်မှာတော့ ၁၉၈၆ ခုနှစ်နောက်ပိုင်း ဂျာနယ်လစ်တွေ လုပ်ကြံသတ်ဖြတ် ခံရတာ ဂျူမာလွန် အပါအဝင်ဆိုရင် ၁၉၉ ဦးထိ ရှိလာကြောင်းလည်း သိရပါတယ်။
Ref: BBC