မြောက်ပိုင်းအဖွဲ့တွေ နမ့်ခမ်းမြို့ရဲစခန်းကို သိမ်းပိုက်

နိုဝင်ဘာ၊ ၅
 
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ရဲစခန်းကို နိုဝင်ဘာလ ၅ ရက်၊ ဒီကနေ့ မနက် ၆ နာရီမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တအာင်းတပ် (TNLA) က ဒီကနေ့ ညပိုင်းမှာ ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။
 
မြောက်ပိိုင်းအဖွဲ့တွေလို့ လူသိများတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရခိုင့်တပ်တော် (AA) တို့က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်မှာ စတင်ခဲ့တဲ့ စစ်ဆင်ရေး ဆယ်ရက်မြောက်အဖြစ် စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်နေတာပါ။
 
မြောက်ပိုင်းတပ်တွေဟာ မုံးကိုးခရိုင် ရှောက်ချင်းရှု ဒေသရှိ တပ်စခန်း၊ နမ့်ခမ်းမြို့နယ်၊မိုင်းဝီးကျေးရွာအုပ်စု ရှိ မန်ဝင်တပ်စခန်း၊ နမ္မတူမြို့နယ် ပန်သပြေကျေးရွာ ရှိ တပ်စခန်းနဲ့ မန်တုံမြို့နယ် ခိုမုန်းကျေးရွာ ရှိ တပ်စခန်း စတဲ့စခန်းလေးခုကို ဒီကနေ့ သိမ်းပိုက်ခဲ့နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
 
အဲဒီနောက် အခု နမ့်ခမ်းမြို့ ရဲစခန်းကိုပါ သိမ်းပိုက်လိုက်တယ်ဆိုတာ ဆက်လက်ထုတ်ပြန်တာပါ။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုတော့ ဖော်ပြမထားပါဘူး။
 
ရှမ်းမြောက်မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ဆင်နွှဲနေတဲ့ စစ်ဆင်ရေး ၁၀၂၇ ဆယ်ရက်မြောက်မှာ စစ်ကောင်စီ တပ်စခန်း၊ ဂိတ်၊ ရဲစခန်း တွေအပါအဝင် စခန်းပေါင်း ၁၂၀ ကျော် သိမ်းပိုက်ရရှိတယ်လို့ ထုတ်ပြန်လာပါတယ်။
 
စခန်းပေါင်း ၁၂၀ ကျော်မှာ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းကြီးငယ်တွေ၊ ရဲစခန်းတွေ၊ ထွေအုပ်ရုံးတွေ၊ ပြည်သူ့စစ်စခန်းတွေ ပါဝင်ပြီး တင့်ကားကြီးတွေ၊ ဟောင်ဝစ်ဇာ အမြှောက်တွေ၊ လေယာဉ်ပစ်လက်နက်ကြီးတွေနဲ့ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
 
မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ တရုတ်ပြည်နယ်စပ်မြို့ဖြစ်တဲ့ ချင်းရွှေဟော် အပါအဝင် မြို့လေးမြို့ကိုလည်း အလုံးစုံ ထိန်းချုပ်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း မြောက်ပိုင်းမဟာမိတ်တွေရဲ့ ထိုးစစ်ကြောင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ် (ပန်ဆိုင်း)မြို့ တွေကို လက်လွှတ်လိုက်ရတယ်လို့ နိုဝင်ဘာလ ၁ ရက်က ဝန်ခံပြောကြားထားပါတယ်။
 
ဓာတ်ပုံ – TNLA