လားရှိုးမှာ စစ်တပ်က ရွာထဲဝင်ပြီး အရပ်သား ငါးဦးကို ဖမ်းဆီး၊ ဒေသခံတဦးကို ပစ်သတ်

နိုဝင်ဘာ၊ ၃
 
ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်ကောင်စီတပ်ဟာ မနေ့က ညနေပိုင်းက လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာခံ ငါးဦးကို ဖမ်းခေါ်သွားသလို စစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းသွားလာသူ တဦးကိုလည်း ပစ်ခတ်လိုက်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
 
နမ့်ပေါင် ခလရ(၂၉၁)တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ အဲဒီရွာထဲဝင်ပြီး နယ်မြေရှင်းလင်းရေး လုပ်တယ်လို့ဆိုကာ ဒေသခံအမျိုးသား ငါးဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
 
ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနတချို့ကတော့ ဖမ်းဆီးခံရသူတွေဟာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်နေချိန် လမ်းမပေါ်မှာ တွေ့သူတွေလို့ ဖော်ပြကြပါတယ်။
 
“ ဘယ်ကိုခေါ်သွားလဲ အတိအကျတော့ မသိဘူး၊ အပြင်ကိုလည်း မထွက်ရဲကြဘူးလေ၊ တိုက်ပွဲတွေလည်း မရှိဘဲနဲ့ လက်နက်ကြီးတွေလည်း ရမ်းပစ်နေတယ် ” လို့ နမ့်ပေါင်ရွာခံတဦးက ပြောပါတယ်။
 
ညီနောင်မဟာမိတ်တပ်တွေက မနေ့က နမ့်ပေါင်ရွာက စစ်ကောင်စီ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်ထွက်သွားချိန်မှာ စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်လာပြီး ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ ဖမ်းဆီးခံခဲ့ရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
 
ဒါ့အပြင် မနေ့က ညနေပိုင်းမှာပဲ နမ့်ပေါင်ရွာအထွက်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်စီးလာသူ တဦးကို ရပ်ခိုင်းပေမယ့် မရပ်လို့ဆိုပြီး ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့လည်း နမ့်ပေါင် ဒေသခံတွေက ပြောကြပါတယ်။
 
ဒေသတွင်းအခြေအနေ မတည်ငြိမ်တာကြောင့် ဒေသခံတွေဟာ နေအိမ်တွေထဲမှာပဲ ပုန်းအောင်းနေကြရပြီး အဲဒီဖြစ်စဉ်တွေကို အတည်ပြုနိုင်ပေမယ့် အသေးစိတ်အခြေအနေတွေကိုတော့ လတ်တလော မသိနိုင်ကြသေးဘူးလို့ နမ့်ပေါင်ရွာခံတဦးက ပြောပါတယ်။
 
နမ့်ပေါင်ရွာက စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေဟာ နမ့်ပေါင် ခလရ(၂၉၁) တပ်ရင်းကိုလည်း ဝိုင်းဝန်းပိတ်ဆို့၊ တိုက်ခိုက်နေကြတယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
 
စစ်တပ်ထောက်ခံသူတွေကတော့ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာ ၃၀ ရက်ကတည်းက သာလွန်အင်အားနဲ့ ပိတ်ဆို့၊ တိုက်ခိုက်ခံရလို့ နောက်ချန်အင်အားနဲ့ မိသားစုဝင်တွေက အပြင်းအထန် ခုခံနေခဲ့ရပြီး စစ်ကူတွေ ရောက်လာချိန်မှာ ပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေး လုပ်တာလို့ ရေးသားဖြန့်ဝေနေကြပါတယ်။
 
နမ့်ပေါင်ရွာဟာ လားရှိုး-တန့်ယန်း လမ်းမပေါ်မှာ တည်ရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
 
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့လေးမြို့နဲ့ အရေးပါတဲ့ တပ်စခန်းပေါင်း တရာဝန်းကျင်အထိ လက်လွှတ်၊ သိမ်းပိုက်ခံထားရတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေအတွင်း လေကြောင်းပစ်ကူတွေ၊ ဖျက်အားပြင်း လက်နက်ကြီးတွေ သုံးပြီး တိုက်ခိုက်နေတယ်လို့ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။
ဒီကနေ့အထိ ရှမ်းမြောက်ထိုးစစ် ရှစ်ရက်အတွင်း အတည်ပြုနိုင်တဲ့ စာရင်းတွေအရ နှစ်ဖက်တိုက်ပွဲတွေကြား ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တွေက ဒေသခံအရပ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာ ရထားသလို နေအိမ်အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNDAA)၊ တအာင်း (TNLA)နဲ့ ရခိုင် (AA)တို့ဟာ အောက်တိုဘာ ၂၇ ရက်ကစပြီး ၁၀၂၇ စစ်ဆင်ရေးကို ကြေညာကာ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တွေက စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်း၊ ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
 
ဓာတ်ပုံ – CJ