နိုဝင်ဘာ ၊ ၂
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းက စပါးစိုက်တောင်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ ကလေးမြို့ပေါ်ကို လမ်းကြောင်းပိတ်ဆို့မှုကြောင့် စပါးစျေးနှိမ်ခံနေရတယ်လို့ ဒေသခံတောင်သူတွေက DNA ကိုပြောပါတယ်။
” တတင်းကို ၁၂,၀၀၀ ပဲစျေးပေါက်တယ်။ ကလေးမြို့မြောက်ပိုင်းနဲ့ ဂန့်ဂေါဘက်မှာတောင် ၁၅,၀၀၀ စျေးပေါက်နေတာ။ ကျမတို့ ကလေးတောင်ပိုင်းရွာတွေပဲ စျေးနှိမ်ခံနေရတာ” လို့ ကလေးမြို့နယ်တောင်ပိုင်း တောင်သူလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသမီးတဦးကပြောပါတယ်။
စစ်ကောင်စီတပ်က ကလေးတောင်ပိုင်းကို အောက်တိုဘာ ၁၅ ရက်ကစပြီး ကုန်ပစ္စည်းသယ်ယူခွင့်တွေကို ပိတ်ပင်ခဲ့လို့ ဆင်းသုခစပါး တတင်းကို ၁၅,၀၀၀ စျေးပေါက်ခဲ့ပေမဲ့ လမ်းကြောင်းပိတ်ဆို့လိုက်တဲ့အခါမှာ ၁၂,၀၀၀ ထိကျသွားတာဖြစ်တယ်လို့သိရပါတယ်။
သီတင်းကျွတ်ကာလ အောက်တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ စစ်ကောင်စီလုံခြုုံရေးတပ်ဖွဲ့တွေက လမ်းသုံးရက်သာဖွင့်ပေးခဲ့ပြီး လက်ရှိအချိန်မှာ ပြန်လည်ပိတ်ဆို့ထားတယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။
ကလေးတောင်ပိုင်း တောင်သူတွေဟာစပါးရိတ်ခ တဧက ၁၂၀,၀၀၀ ကျပ်၊ မြေဆီအိတ်တအိတ်တ သိန်း အထိပေးဝယ်နေရသလို ကောက်စိုက်ခံ၊ ထွက်ယက်ခတွေပါ စျေးတက်နေတဲ့ အတွက် စပါးစျေးအနှိမ်ခံရတဲ့ အရှုံးပေါ်နေကြပြီး အများစုကတော့ ရောင်းချခြင်းမရှိကြဘူးလို့သိရပါတယ်။
” ခုကျနော် စပါး နှစ်ရာ ရတာမှာ အရင်းတွက်ကြည့်တော့ အရင်းက ၁၂ သိန်းကျော်တယ်။ ရောင်းရင် (သိန်း)နှစ်ဆယ် ကျော်လေးရမှာ။ အိမ်ကလူတွေရဲ့လုပ်အားခတောင်မရဘူးဖြစ်နေတယ်” ကလေးတောင်ပိုင်းကျေးရွာတရွာက တောင်သူလုပ်ငန်းလုပ်ကိုင်သူအမျိုးသားတဦးကပြောပါတယ်။
ကလေးတောင်ပိုင်းမှာ ဒီနှစ်စပါးထွက်နူန်းတွေလည်းကျဆင်းခဲ့သလို ခါတိုင်းနှစ် တ ဧကကို စပါးရှစ်ဆယ်ဝန်းကျင်ထွက်ပေမယ့် ဒီနှစ်မှာတော့ ပျမ်းမျှ ခြောက်ဆယ်ဝန်းကျင်သာထွက်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
” (စပါးတင်း)နှစ်ဆယ်ထဲရတဲ့သူတောင်ရှိတယ်။ သုံးဆယ်၊လေးဆယ်ပဲရတဲ့သူတောင်ရှိတယ်။ စပါးက တဧက ငါးဆယ်ထွက်ရင်တောင် အရှုံးဘက်ကိုပြသေးတယ်” လို့ နောက်ထပ်တောင်သူတဦးကပြောပါတယ်။
စပါးစျေးအနှိမ်ခံရပေမယ့်မရောင်းရင်မဖြစ်တဲ့ ဒေသခံတောင်သူအချို့ကတော့ ရတဲ့စျေးနဲ့ သာရောင်းကြရပြီး ငွေကြေးရှိသူတွေက ဝယ်ယူသိုလှောင်ထားကြပေမဲ့ တောင်သူအများစုကတော့ ရောင်းချခြင်းမရှိကြသေးပဲ စပါးစျေးပုံမှန်ရဖို့ကိုစောင့်ဆိုင်းနေကြတာပါ။
” (စပါးတတင်း) တသောင်းခွဲတော့မရလို့မဖြစ်ဘူး။ အဲ့လောက်ရမှ နည်းနည်းပဲကျန်မှာ” လို့ ဒေသခံတောင်သူ အမျိုးသမီးတဦးကပြောပါတယ်။
တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က မိုးစပါး အခြေခံရည်ညွန်းစျေးအဖြစ် တင်း တရာ ကို ၇၅၀,၀၀၀ ကျပ်ဆိုပြီးသတ်မှတ်ကြောင်း အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့ပေမဲ့ ပြင်ပပေါက်စျေးနဲ့ ကွာဟချက်တွေ အများကြီးရှိနေပါတယ်။