စစ်ကောင်စီက CDM ဝန်ထမ်းတွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲ

 နိုဝင်ဘာ ၁

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့  CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းဟောင်းတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံဝန်ထမ်းက နုတ်ထွက် ထားတဲ့သူတွေကို သက်ဆိုင်ရာဌာနတွေမှာ အလုပ်ပြန်လည်ဝင်ရောက်ဖို့ စစ်ကောင်စီက ဖိတ်ခေါ်နေတယ်လို့ Non CDM ဝန်ထမ်းတွေထံက သိရပါတယ်။

စစ်ကောင်စီလုံခြုံရေးတွေ လက်ချက်နဲ့ CDM ပြုလုပ်သူတချို့ သေဆုံးတာတွေရှိသလို ထောင်ချတာခံရတာ၊ အလုပ်တာဝန်ကနေ ရပ်စဲခံရတာ၊ ထုတ်ပယ်တာခံရတာတွေရှိနေပေမယ့်စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းမှာ အခုလို ပြန်လည် တာဝန်ထမ်းဆောင် ဖို့ ဖိတ်ခေါ်လာတာပါ။

အာဏာသိမ်းစစ်ကောင်စီဟာ CDM ဝန်ထမ်းတွေကို သက်ဆိုင်ရာဌာနမှာ အလုပ်ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ကြောင်း ဖိတ်ခေါ်မှုဟာ အခု တကြိမ် အပါ အဝင် သုံးကြိမ်မြောက်ရှိပြီးလည်း ဖြစ်တယ်လို့ Non CDM ဝန်ထမ်းတွေက ဆိုကြပါတယ်။

“ ခေါ်နေတာက ဒီနှစ်အစောပိုင်းလောက်မှာပဲ။ လူကြီးပိုင်းတွေ လုပ်တဲ့ အစည်းအဝေးတွေမှာ ပြောတာ၊ ခုမှသာ စာနဲ့ပေနဲ့ ခေါ်လာတာ ရှိတာ” လို့ ပြန်ကြားရေးဝန်ကြီးဌာနတာဝန်ထမ်းဆောင်နေတဲ့  အမည်မဖော်လိုတဲ့ ညွှန်ကြားရေးမှူးအဆင့်ရှိသူအရာထမ်းတဦးက DNA ကို ပြောပါတယ်။

နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေ ၁၂၊ ၁၃၊ ၆၈ အရ ဝန်ထမ်းတိုင်းဟာ လစာခံစားခွင့်နဲ့ လုပ်ငန်းခွင်ကနေ ငါး နှစ်အထိ တရားဝင် ကင်းကွာခွင့်ရှိပြီး ငါးနှစ်ကျော်မှာသာ ဝန်ထမ်းအဖြစ်ကအလို အလျောက်ရပ်စဲပြီးဖြစ်တယ်လို့ တယ်လို့ ပြဌာန်းထားပါတယ်။

လက်ရှိ CDM ဝန်ထမ်းတွေနဲ့ ဝန်ထမ်းဟောင်းတွေကို ပြန်လည်ခေါ်ယူရာမှာအရင်က နှုတ်နဲ့ညွှန်ကြားခဲ့ပေမယ့် ဒီလအစပိုင်းမှာတော့ ပြန်ကြားရေး၊ စိုက်မွေးဆည်ဝန်ကြီးဌာန၊ လဝက၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစရှိတဲ့ ဌာနငါခုကျော်ကိုသာ စာနဲ့ တရားဝင်ညွှန်ကြားချက် ထုတ်ပြန်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ဝန်ထမ်းဟောင်းတွေကို ခေါ်ယူတဲ့အခါမှာ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ အမျိုးသား ညီညွှတ်ရေးအစိုးရ( NUG )နဲ့ ပြည်သူ့ကာကွယ်ရေး(PDF )တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေသူတွေထဲက  CDM ပြုလုပ်ခဲ့တဲ့သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“ အကြမ်းဖက်သတ်ဖြတ်တဲ့ဖြစ်စဉ်တခုခုမှာ ပါဝင်ပတ်သက်ထားတဲ့သူတွေ၊ အမည်ထွက်ထားတဲ့သူတွေတော့ မပါဘူး။” လို့ အဲဒီညွန်ကြားရေးမှူးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကာကွယ်ရေးဝန်ကြီးဌာနမပါဝင်ဘဲ နိုင်ငံဝန်ထမ်းပေါင်း တသန်းကျော်ရှိပြီး ဌာနဖွဲ့စည်းပုံရဲ့ ၆၅ ရာခိုင်နှုန်းသာ အများဆုံးခန့်ထားနိုင်တယ်လို့ ၂၀၂၀ ခုနှစ်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့တာဝန်ရှိသူကပြောကြားဖူးပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းမှာ အကြမ်းမဖက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းပေါင်းသုံးသိန်းကျော် ရှိတယ်လို့ ဆိုတဲ့အတွက် စစ်ကောင်စီဟာ ကျွမ်းကျင်ဝန်ထမ်းမလုံလောက်တဲ့ပြဿနာရင်ဆိုင်နေရတာပါ။

ဒီလိုမျိုးဝန်ထမ်းတွေကိုပြန်လည် ခေါ်ယူရတာကလည်းဌာနဆိုင်ရာရုံးတွေမှာ ဝန်ထမ်းလိုအပ်ချက်နဲ့ လုပ်ငန်း ကျွမ်းကျင်မှုရှိတဲ့ ဝန်ထမ်းတွေလိုအပ်လို့ ဖြစ်တယ်လို့ DNA က ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့တဲ့  Non CDM ပြန်တမ်းဝင်အရာထမ်းလေးဦးစလုံးက တညီတညွတ်တည်း ပြောဆိုခဲ့ကြပါတယ်။

ဒါအပြင် ဝန်ထမ်းတွေအနေနဲ့ အလုပ်ပြန်လည်ဝင်ရောက်မယ်ဆိုရင် အရင်က ရာထူးအတိုင်း ပြန်လည် ရရှိမှာ ဖြစ်သလို လုပ်ငန်းအပေါ် စိတ်ဝင်စားမှုနဲ့ စေတနာထားပြီး အလုပ်ကြိုးစားမှုရလဒ်အေ ပါ်မူတည်ကာ ခြောက်လအတွင်းမှာ တဆင့်မြင့်ရာထူးတခုကို ထပ်တိုးခံစားခွင့်ရရှိမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

“ ရှိတဲ့သူတွေနဲ့ အဆင်ပြေသလို လုပ်နေရတယ်။တချို့နေရာမှာဆိုရင် နှစ်ပေါင်းမနည်းဘူး လုပ်သက်ရှိတဲ့သူတွေ ထွက်သွား တော့ သူ့နေရာအတွက် လူစားပြန်ရဖို့က မလွယ်ဘူး။ တချို့ဆို အလုပ်မပြီးမြောက်ကြဘူး” လို့ စိုက်ပျိုးရေးဦးစီးဌာန Non CDM အရာရှိ တဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်မှာ နိုင်ငံအာဏာကို စစ်တပ်က လုယူခဲ့ပြီးတဲ့နောက်မှာ နိုင်ငံအတွင်း အလွှာအသီး သီးကပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့အတူ နိုင်ငံဝန်ထမ်းတွေကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီး အကြမ်းမဖက်တဲ့ CDM လှုပ်ရှားမှာ အားတက်သရော ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

တဖက်မှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် အစိုးရဝန်ထမ်းကနေ နုတ်ထွက်သွားတဲ့သူတွေ တနိုင်ငံလုံးမှာ ထောင်ဂဏန်းနီးပါးရှိနိုင်တယ်လို့ CDM ဝန်ထမ်းအရေးလှုပ်ရှားနေတဲ့ သူတွေထံမှ သိရပါတယ်။

အာဏာသိမ်းပြီးနောက် အဖက်ဖက်ကနေ ယိုးယွင်းပျက်စီးနေတဲ့ စစ်ကောင်စီရဲ့ ယန္တရားတွေ လုပ်ငန်းလည်ပတ်ဖို့ အတွက် ဝန်ထမ်းအင်အားမလုံလောက်တာကြောင်CDM ပြုလုပ်ပြီး အဆင်မပြေမှုတွေ ကြုံတွေ့နေရတဲ့ ဝန်ထမ်းတွေကို အဓိကထား ရည်ရွယ်ခေါ်တာဖြစ်တယ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

“ ထွက်လာခဲ့ပြီးမှတော့ ဘယ်လိုမှ ပြန်မဝင်နိုင်တော့ဘူး။ သူတို့ကလည်း အဆင်မပြေဖြစ်နေတဲ့ Non တွေကို ရည်ရွယ်တဲ့ သဘောပါပဲ။ခုလည်း ကြည့်လေ ဝန်ထမ်းတွေ မလုံမလောက်နဲ့ အလုပ်လုပ်နေရတဲ့အခါကျတော့ သူတို့ရဲ့ ယန္တရားတွေကလည်း အရင်ကာလတွေတုန်းလောက် မလည်ပတ်နိုင်တာ အားလုံးအသိပဲလေ” လို့ CDM ပြုလုပ်ထားတဲ့ အမည်နဲ့ နေရပ်မဖော်လိုသူ အလယ်တန်း ကျောင်းအုပ်ဆရာမကြီးတဦးက ပြောပါတယ်။

မဲစာရင်းကိုအကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းတာကို CDM ပြုလုပ်ပြီးဆန့်ကျင်တဲ့နိုင်ငံဝန်ထမ်း တွေထဲမှာ ကျောင်းဆရာ၊ ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်းပေါင်း နှစ်သိန်းခွဲဝန်းကျင်ရှိတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က NUG တာဝန်ရှိသူတဦးက ဆိုထားပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရဝန်ထမ်းတချို့ကို တော်လှန်ရေးအင်အားစု တွေဘက်က CDM ပြုလုပ်ကြဖို့ မကြာခဏကြေညာချက်ထုတ်ပြန်ကာ အသိပေးတာတွေရှိနေသလို တချို့ဖြစ်စဉ်တွေမှာလည်း ဝန်ထမ်းတချို့ ပစ်ခတ်ခံရလို့ သေဆုံးတာတွေလည်း ရှိပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အစိုးရဝန်ထမ်းအဖြစ် တနှစ်ထက်တနှစ် အလုပ်ဝင်လျှောက်ထားသူတွေလည်း နည်းပါးလာသလို ရှိနေတဲ့ ဝန်ထမ်းတချို့ ကလည်း အလုပ်ထွက်ဖို့ ဆန္ဒရှိနေကြပေမယ့် စစ်ကောင်စီဘက်က အကြောင်းအမျိုးမျိုးပြပြီး နုတ်ထွက် ခွင့်မပေးကြဘူးလို့ ဆိုပါတယ်။

“ ဒီအတိုင်းပဲ စာတင်ပြီး ထွက်မယ်။ ကောင်းမွန်ရာပဲ ကိုယ့်ဒေသမှာ လုပ်စားမှာပေါ့နော်။လူကြီးတွေက အမျိုးမျိုးပြောကြတာပေါ့။ ခဏစောင့်ပါအုန်း၊ လူမရှိသေးလို့၊ ထွက်စာက မကျသေးတာ၊ ခုထိပါပဲ။” လို့ လဝကဒုတိယဦးစီးမှူးတဦးက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက လဝက  ဦးစီးဌာနကို တခြားဌာနတွေအထက် ပိုစောင့်ကြည့်ပြီး ပစ်မှတ်ထားတဲ့အတွက်  ထွက်စာတင်တာ ခြောက်လလောက်ရှိပြီဖြစ်ပြီဖြစ်တယ်လို့ အဲဒီ  ဒုတိယဦးစီးမှူးက  ဆိုပါတယ်။

တဖက်မှာလည်း CDM ပြုလုပ်ထားတဲ့သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အလှူရှင်တချို့က ကူညီထောက်ပံ့ မှုတွေ ပြုလုပ်ပေးနေပေမယ့် ကူညီထောက်ပံ့မှု လုံးဝမရရှိတဲ့ သူတွေလည်း အများကြီး ရှိနေခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီကလည်း CDM ဝန်ထမ်းတွေကို ရှာဖွေဖမ်းဆီးတာ အရင်ကထက်ပိုမိုလုပ်ဆောင်လာပြီး ရှာမတွေ့ပါက မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထောင်ချတာတွေနဲ့ နေအိမ်ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်တာတွေ လည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် CDM ဝန်ထမ်းတွေရဲ့ မိသားစုစားဝတ်နေရေးအတွက် ကြုံရာကျပန်း လုပ်ငန်း လုပ်ကိုင်နေကြပြီး တောင့်ခံနေကြသူများရှိသလို တချို့ကျတော့ စစ်ကောင်စီပေးတဲ့ ဒုက္ခကို မခံစားနိုင်တဲ့ အတွက် အကြောင်းအမျိုးမျိုးကြောင့်  လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်သွားကြသူများလည်း ရှိပါတယ်။

“ အိမ်ကိုလာပြီး ကျန်နေတဲ့ မိဘကို ခဏခဏ ပြဿနာလာရှာနေတာ၊ ဖမ်းမယ်၊ အိမ်ချိပ်ပိတ်မယ်၊ အဲဒီလို ခြိမ်းခြောက်ခံနေရ တော့ မိဘတွေကို သနားတယ်။ ဒါပေမယ့် ဘာမှ မတက်နိုင်ဘူးလေ၊ တချို့ပြန်ဝင်တဲ့သူတွေကို ကိုယ်ချင်းစာပါတယ်။ ကိုယ်လုပ် နိုင်တာ လုပ်မယ်။ သူများမလုပ်နိုင်တာကိုတော့ မဝေဖန်ချင်ဘူး” လို့ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ဦးမိခင် CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာမတဦးက ပြောပါတယ်။

စစ်ကောင်စီလုံခြုံရေးတွေဟာ နေအိမ်ကို မကြာခဏလာပြီး ဖမ်းဆီးမယ်၊ အိမ်ကို ချိပ်ပိတ်မယ်ဆိုပြီး ခြမ်းခြောက်လေ့ရှိတယ်လို့ လုံခြုံရေးအရ မြို့အမည်နဲ့ အမည်မဖော်ပြစေလိုတဲ့ အဲဒီကျောင်းဆရာမက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ CDM ဝန်ထမ်းတွေကို နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပသွားခွင့်မပြုတာ၊ တခြားလုုပ်ငန်းတွေ ဝင်ရောက်လုုပ်ကိုင်ရင် အလုပ်ခန့်တဲ့ လုပ်ငန်းရှင်ကိုပါအရေးယူတာတွေပြုလုပ်နေတယ်လို့ လည်း CDM ဝန်ထမ်းတွေထံက သိရပါတယ်။

‘’မန်းလေး(မန္တလေး)မှာဆို CDM လုပ်တဲ့ ဆရာဝန်တွေ၊ကျန်းမာရေးဝန်ထမ်းတွေပါ အလုပ်ဝင်လို့ ဖမ်းတယ်။ ပုဂ္ဂလိက ဆေးရုံတွေပါ ချိပ်ပိတ်တယ်’’ လို့ မန္တလေးမြို့ခံ ဆရာဝန်တဦးက ပြောပါတယ်။

မန္တလေးမြို့မှာ CDM ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေခန့်အပ်လို့ဆိုပြီး ပုဂ္ဂလိက ဆေးရုံ ငါးခုထက်မနည်းကို ယာယီပိတ်သိမ်းခဲ့ပြီး သုံးခုကို လိုင်စင်ဖျက်သိမ်းခဲ့တာကို ရည်ညွန်းပြီးပြောကြားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းပေါင်း တသိန်းကျော် ဦးရှိတဲ့အနက် စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ပြီး လုပ်ငန်းခွင်တွေကိုစွန့်ခွာပြီး CDM ပြုလုပ်သူပေါင်း ၄၇,၀၀၀ ကျော်ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုထားပါတယ်။

နိုင်ငံဝန်ထမ်းတွေ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ပြုလုပ်တာက အလုပ်ထွက်တာ မဟုတ်ဘဲ အာဏာရှင်လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတာ ဖြစ်တယ်လို့ လုပ်ငန်းခွင့်ကိုစွန့်ခွာခဲ့သူတွေကပြောပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီပြုတ်ကျပြီး ပြည်သူက ရွေးချယ်တဲ့ အစိုးရပြန်တက်လာမှသာ သက်ဆိုင်ရာလုပ်ငန်းခွင်တွေကို ပြန်ဝင်ကြမယ်လို့ လည်း DNA က မေးမြန်းတဲ့ CDM ဝန်ထမ်း ဆယ်ဦးက ဆိုပါတယ်။

‘’ကျွန်မတို့ကတော့ ရှင်းရှင်းပဲ။ မတရားအာဏာလုထားတဲ့ စစ်တပ်အောက်မှာ မလုပ်နိုင်ဘူး’’ လို့ မန္တလေးက လုပ်သက် ဆယ်နှစ်ရှိ CDM ဆရာဝန်တဦးက ခပ်တိုတိုပြတ်ပြတ်ပြောပါတယ်။