ရေဦးမှာ စစ်ကောင်စီတပ်က PDF နှစ်ဦးနဲ့ အရပ်သားနှစ်ဦးကို သတ်ဖြတ်

နိုဝင်ဘာ၊ ၁
 
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မစိုးရိမ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကင်းသမားနှစ်ဦးနဲ့ အရပ်သားနှစ်ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
အင်အား ရှစ်ဆယ်ဝန်းကျင်ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်ရဲ့ ဘီလူးစစ်ကြောင်းဟာ အောက်တိုဘာလ ၃၀ ရက်၊ ည ၁၀ နာရီခွဲအချိန်ခန့်မှာ အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့ပြီး အခုလို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
 
“ ဝင်ရောက်စီးနင်းစဉ်မှာ ကင်းသမား နှစ်ဦးက အဖမ်းခံရပြီး ခေါင်းဖြတ်သတ်ဖြတ်ခဲ့တာ၊ ကျန်နှစ်ယောက်ကတော့ နောက်နေ့မနက် လမ်းဘေးမှာ နှစ်ဦးသေနေတာ တွေ့ခဲ့ရတာ “ လို့ Sagaing Scout Network – စစ်ကိုင်းတိုင်း ပြည်သူ့အကျိုးပြု ကင်းထောက်ကွန်ယက်က ကိုကျော်က ပြောပါတယ်။
 
သေဆုံးတဲ့ ကင်းသမားနှစ်ဦးဟာ ဘယ်တော်လှန်ရေးအင်အားစုကဆိုတာ မသိရသေးပါဘူး။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မစိုးရိမ်ကျေးရွာကနေ အနောက်ရွာအတွင်း ထွက်ပြေးနေတဲ့ အရပ်သားတွေကို လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် ဒေသခံတချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
အဲဒီလို ကျည်ထိမှန်ခဲ့တဲ့အတွက် ရေဦး-မုံရွာ လမ်းဘေးမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးနေတာကို အောက်တိုဘာလ ၃၁၊ မနက်ပိုင်းက တွေ့ရှိခဲ့ရပေမဲ့ ဘယ်သူတွေဆိုတာ မသိရသေးဘူးလို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဆိုပါတယ်။
 
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာတွေက အရပ်သား နှစ်ဆယ်ဝန်းကျင်ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ နိုဝင်ဘာလ ၁ ရက်၊ ဒီကနေ့မှာတော့ ကျွန်တောကြီးရွာက နှစ်ဦး၊ အုန်းတင်ကျေးရွာက တဦး၊ ရှမ်းတောရွာက ခုနှစ်ဦးနဲ့ ကံပြားကျေးရွာက နှစ်ဦး စုစုပေါင်း ၁၂ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
 
လက်ရှိအချိန်မှာ စစ်ကောင်စီ စစ်ကြောင်းအနေနဲ့ မစိုးရိမ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ဒီပဲယင်းမြို့နယ်နဲ့ ကပ်လျက်ဖြစ်တဲ့ ကံပြားရွာရှိ ပုပ္ဖာရုံဘုန်းကြီးကျောင်းမှာ ဝင်ရောက်တပ်စွဲထားပါတယ်လို့ သိရပါတယ်။
 
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၁ ရက်ကစပြီး စစ်ကြောင်းထိုး ဝင်ရောက်စီးနှင်းမှုကြောင့် လက်တီးရွာ၊ ဆပ်ပြာကျင်းရွာ၊ ဘုတ်ရွာ၊ ဘုရားထွက်ရွာ၊ အုန်းတင်ရွာ၊ ယင်းတွေရွာ နဲ့ ဝပါရွာ အပါအဝင် ကျေးရွာ ၁၂ ရွာက ဒေသခံ တသောင်းဝန်းကျင် စစ်ရှောင်နေရပါတယ်။
 
ဓာတ်ပုံ – AFP (ပုံဟောင်း)