ကာဇက်စတန် သတ္တုမိုင်းတွင်း ပေါက်ကွဲ မီးလောင်မှု လူငါးဆယ်နီးပါး အသက်ဆုံးရှုံး

အောက်တိုဘာ၊ ၃၁

ကာဇက်စတန် နိုင်ငံက သတ္တုမိုင်းတွင်း တခုမှာ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ရာက လူ ၅၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်က ကာရာဂန်ဒီ ဒေသမှာရှိတဲ့ ကော့စ်တန်ကို သတ္တုမိုင်းတွင်းမှာ မီသိန်းဓာတ်ငွေ့တွေ ပေါက်ကွဲပြီး ဆိုးဆိုးရွားရွား မီးကူးစက် လောင်ကျွမ်းခဲ့တာလို့ သတ္တုတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းထိ အခြေအနေအရ အခင်းဖြစ်ရာ နေရာကနေ ရုပ်အလောင်း ၄၆ ခုထက် မနည်းကို ရှာတွေ့ခဲ့ပြီး ဖြစ်ပါတယ်။

မိုင်းတွင်းမှာ ပေါက်ကွဲ မီးလောင်မှုအပြီး ဝန်ထမ်းတွေနဲ့ အနီးတဝိုက် လူနေဧရိယာတွေက စုစုပေါင်း လူ ၂၀၀ ကျော်လောက်ကိုလည်း ဘေးလွတ်ရာ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အဲဒီ မိုင်းတွင်းကို လူဇင်ဘက်ဂ် အခြေစိုက် ArcelorMittal ကုမ္ပဏီက ပိုင်ဆိုင်ထားတာပါ။ ArcelorMittalဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး သံမဏိ ထုတ်လုပ်မှု လုပ်ငန်းစုကြီးဖြစ်ပြီး ကာဇက်စတန်မှာ ကျောက်မီးသွေးနဲ့ သံသတ္တုရိုင်း မိုင်းတွင်းလုပ်ငန်း တချို့ကို ဖြန့်ကျက် လုပ်ကိုင်နေပါတယ်။

မိုင်းတွင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတိအကျ မထုတ်ပြန်သေးပေမယ့် လူတွေရဲ့ ပေါ့ဆမှု ပြဿနာ တခုခုကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။ မိုင်းတွင်း တာဝန်ရှိသူတွေ အပါအဝင် ၈ ဦးကိုလည်း အာဏာပိုင်တွေက ထိန်းသိမ်းထားပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ကာဇက်စတန် သမ္မတ ကက်ဆင်မ် ဂျိုမက် တိုကာယက်ဗ်က အခုဖြစ်ရပ်ဆိုးမှာ သေဆုံးခဲ့ရသူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့ရက် သတ်မှတ်ကြောင်း အောက်တိုဘာ ၃၀ မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကာဇက်စတန်ဟာ သတ္တုရိုင်းတွေ အထွက်ကြွယ်ဝတဲ့ နိုင်ငံတခုဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ နိုင်ငံရဲ့ ဂျီဒီပီ စုစုပေါင်း ၁၇ ရာခိုင်နှုန်းဟာ သတ္တုတူးဖော်ရေး လုပ်ငန်းတွေကနေ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

Ref: CNN