ရှမ်းမြောက်မှာ အထိနာနေတဲ့ စစ်ကောင်စီ ကချင်မှာလည်း တပ်စခန်း ထပ်သိမ်းခံရပြန်

အောက်တိုဘာ၊ ၃၁
 
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်မှာရှိတဲ့ စစ်ရေးအရ အရေးပါတဲ့ ကန်တောင်ယန် စစ်တပ် ဗျူဟာကုန်း အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဒီနေ့မနက်ပိုင်းမှာပဲ သိမ်းပိုက်ရရှိခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
 
ဒီနေ့ အောက်တိုဘာလ ၃၁ ရက် မနက်အစောပိုင်းကတည်းက အဲဒီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ကြတာဖြစ်ပြီး မနက် ၈ နာရီဝန်းကျင်လောက်မှာတော့ အပြီးတိုင် သိမ်းပိုက်ရရှိခဲ့ပြီလို့ KIA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။
 
” ဒီနေ့မနက် ၈ နာရီလောက်ကတည်းက သိမ်းပိုက်၊ ဖျက်ဆီးနိုင်ခဲ့ပြီ ” လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။
 
အဲဒီတိုက်ပွဲမှာ နှစ်ဖက်တပ်အကျအဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိပ်တော့ မသိရသေးပါဘူး။
 
စစ်ကောင်စီတပ်ဟာ အရေးပါတဲ့ ကန်တောင်ယန် အထိုင်စခန်းကုန်း တိုက်ခိုက်ခံနေရချိန် KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးတဝိုက် ဒေသတွေဖြစ်တဲ့ မုန်လိုက်ခက် ပတ်ဝန်းကျင်ဆီ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။
 
” အခုထိ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်နေတယ် ” လို့ ဒေသခံတဦးက ဒီနေ့မနက်မှာ ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ ခါယာစခန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတာဖြစ်ပြီး ရခိုင့်တပ်တော် (AA)တပ်စခန်းတွေ တည်ရှိရာ ပတ်ဝန်းကျင်ဆီလည်း ကျရောက်ပေါက်ကွဲတာတွေ ရှိတယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထုတ်ပြန်အသိပေးထားပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ လိုင်ဇာမြို့နယ် မုန်လိုက်ခက် စစ်ရှောင်စခန်းတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားကလေးငယ်အပါအဝင် ၂၉ ဦး သေဆုံးပြီး ခြောက်ဆယ်ဝန်းကျင် ဒဏ်ရာရခဲ့ပါတယ်။
 
အခုလ ဒုတိယပတ်အတွင်းကလည်း KIA အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အောင်ဂျာစခန်း အပါအဝင် စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ တပ်စခန်း ငါးခုထက်မနည်း လက်လွှတ်ခဲ့ရပြီး တပ်သား ရာချီ သေဆုံးကာ စစ်လက်နက်တွေလည်း အများအပြား ဆုံးရှုံးခဲ့ရပါတယ်။
 
ဒါ့အပြင် လွန်ခဲ့တဲ့ ငါးရက် အောက်တိုဘာလ ၂၇ ရက်မှာ စခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ကြောင့်လည်း ရှမ်းမြောက်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတို့အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်း ခုနှစ်ဆယ် နီးပါး လက်လွှတ်ထားရပြီ ဖြစ်ပါတယ်။
 
မြို့သိမ်းတိုက်ပွဲတွေထိ ဆင်နွဲနေတဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ ထိုးစစ်တွေကြောင့် ဆက်တိုက်အထိနာနေတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အရပ်သားစစ်ရှောင်စခန်းတွေ၊ ရပ်ကွက်၊ ကျေးရွာတွေဆီလည်း လက်နက်ကြီး၊ တိုက်လေယာဉ်တွေ သုံးပြီး ပစ်ခတ်နေတာတွေ ပြုလုပ်နေတယ်လို့ ဒေသတွင်း အရပ်ဘက်အဖွဲ့တွေက ပြောထားကြပါတယ်။
 
အဲဒီလို အရပ်သားတွေဆီ ဦးတည်တိုက်ခိုက်မှုကြောင့် ရှမ်းမြောက်မှာ ငါးရက်အတွင်း ထိမှန်သေဆုံးရသူပေါင်း ၁၄ ဦးထက်မနည်း ရှိခဲ့ဖြစ်ပါတယ်။
 
ဓာတ်ပုံ – Social Media