အောက်တိုဘာ ၊ ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို အောက်တိုဘာလ ၂၉ ရက်၊ ဒီကနေ့ မနက်ပိုင်းမှာ တအာင်းတပ်(TNLA) နဲ့ မန္တလေးPDF (MDY-PDF) တို့က ပူးပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
“တိုက်ပွဲဖြစ်တဲ့နေရာမှာ ကနဦးရတာက ခြောက်လောင်းပေါ့နော်။ တိုက်ပွဲပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်ချိန်မှာ နောက်ထပ် နှစ်လောင်းထပ်ရတယ်။ စုစုပေါင်း ရှစ်လောင်းပေါ့နော် ။ဒဏ်ရာနဲ့ထွက်ပြေးသွားသူတွေလည်းရှိပါတယ် ” လို့ မန္တလေးပြည်သူကာကွယ်ရေး တပ်မတော် ( MDY- PDF) ပြောခွင့်ရ ကိုအော်စမွန်က ပြောပါတယ်။
အဲဒီစခန်းကို ပူးပေါင်းတပ်တွေက ဒီကနေ့ မနက်၄ နာရီခွဲလောက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၅ နာရီ ခွဲလောက်မှာ စခန်းသိမ်းနိုင်ခဲ့တဲ့အတွက် တနာရီဝန်းကျင်လောက် တိုက်ခိုက်ခဲ့ရတယ်လို့ လည်းကိုအောင်စမွန်က ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ သေနတ် ခုနှစ်လက် ၊ ၆၀ မမ စိန်ပြောင်းတလုံး အပါအဝင် လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံ့းအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိထားတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျောက်ကြမ်းကျေးရွာကို ဒီကနေ့ မနက် ၇ နာရီလောက်က တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ မန္တလေးပြည်သူကာကွယ်ရေး တပ်မတော် ( MDY- PDF) ကထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့ဖက်မှာလည်း ထိခိုက်ဒဏ်ရာရမှု တချို့ရှိခဲ့တယ်လို့ ဆိုထားပေမယ့် အသေးစိပ်ကိုတော့ ထုတ်ပြန်ထားတာမတွေ့ရပါဘူး။
အဲဒီတိုက်ခိုက်မှုကို ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းတပ်ဖွဲ့(TNLA)နဲ့ ရခိုင့်တပ်တော်(AA)ညီနောင်မဟာမိတ်သုံးဖွဲ့ဖော်ဆောင်နေတဲ့ စစ်ဆင်ရေး ၁၀၂၇ အဖြစ် ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ မန္တလေး PDF ကဆိုထားပါတယ်။
အဲဒီမဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ လို့ အမည်ပေးထား တဲ့ စစ်ဆင်ရေးကို ဒီလ ၂၇ ရက်မှာစတင် ဖော်ဆောင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အများစုက စစ်ကောင် စီတပ်စခန်း၊ စစ်ဆေးရေးဂိတ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြတာပါ။