မော်ရိုကိုမှာ ဖျက်အားပြင်း ငလျင်လှုပ်ခတ်ပြီး သေဆုံးသူ သုံးရာဝန်းကျင်ထိ များပြား

စက်တင်ဘာ ၊ ၉

မော်ရိုကိုနိုင်ငံ အလယ်ပိုင်းမှာ ရစ်ချ်တာစကေး ၆.၈ အဆင့် ငလျင်တခု လှုပ်ခတ်ခဲ့ရာက ထိခိုက်ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ ဖြစ်ပေါ်ခဲ့သလို လူပေါင်း ၃၀၀ ဝန်းကျင်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

စက်တင်ဘာ ၈ ရက် ညပိုင်းက ငလျင်ဟာ လူသူအရောက်အပေါက် နည်းပါးတဲ့ တောင်တန်းဒေသ တခုကို ဦးတည်ခဲ့ပေမယ့်လည်း မြေတိမ်ပိုင်းကို ဗဟိုပြုခဲ့တာကြောင့် မြေမျက်နှာပြင်ပေါ်မှာ သက်ရောက် ထိခိုက်မှုတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်ကြောင့် အက်လက်စ် တောင်တန်းတလျှောက် ကျေးရွာတွေအပြင် ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး ကမ္ဘာလှည့် ခရီးသွား အများအပြား သွားရောက် လည်ပတ်လေ့ရှိရာ သမိုင်းဝင် မာရာကက်ချ်မြို့မှာလည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အထူးသဖြင့် မာရာကက်ချ် မြို့ဟောင်း ဧရိယာဖက်မှာ အိမ်တွေ၊ အဆောက်အအုံတွေ အလုံးလိုက် ပြိုလဲတဲ့ထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ် ရောက်လာတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာလည်း အုတ်ပုံဘဝ ရောက်သွားတဲ့ အဆောက်အအုံ အပျက်အစီးတွေကို တွေ့ရပါတယ်။

ငလျင်အပြီးမှာ အားကောင်းတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်လှုပ်နေတာကြောင့် မာရာကက်ချ် မြို့ခံတွေဟာ နေအိမ်တွေထဲ ပြန်မဝင်ရဲကြဘဲ လမ်းပေါ်ထွက်နေကြရတာကိုလည်း တွေ့ရပါတယ်။

 ကနဦး စာရင်းတွေအရ ငလျင်ကြောင့် လူ ၂၉၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၁၅၃ ဦးကို ဆေးရုံ ပို့ထားရကြောင်း သိရပါတယ်။ သေကြေ ဒဏ်ရာရမှု စာရင်းတွေဟာ ဒီထက် ပိုတိုးလာမယ့် အလားအလာတွေ ရှိနေပါတယ်။

ငလျင်ရဲ့ သက်ရောက်မှုကို ဗဟိုချက်ရဲ့ ကီလိုမီတာ ၃၅၀ လောက် အကွာမှာရှိတဲ့ ကာဆာဘလန်ကာမြို့လို နေရာကတောင် သိရှိ ခံစားခဲ့ရပါတယ်။ အာဖရိက မြောက်ပိုင်း နိုင်ငံမှာ ငလျင်တွေ ပြင်းပြင်းထန်ထန် လှုပ်ခတ်တာမျိုးက ရှားပါး အခြေအနေလို့ ဆိုနိုင်ပေမယ့် ၁၉၆၀ တုန်းက အေဂါဒါနားမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း ၁၂၀၀၀ နဲ့ ၁၅၀၀၀ ကြားထိ အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။