သြဂုတ်၊ ၃၁
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ကျောင်းအုပ်တဦးနဲ့ ကျောင်းဆရာနှစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုုက်ဖျက်ရေး ဥပဒေနဲ့တရားစွဲဆိုထားပါတယ်။
“စစ်ကောင်စီရဲ့ ယန္တယားလာရောက်လည်ပတ်တဲ့အတွက် တားဆီးတဲ့သဘောပါပဲ ” လို့ ကလေးမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးကဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေထိန်းချုပ်နယ်မြေမှာစစ်ကောင်စီက ဖွင့်ထားတဲ့ စာသင်ကျောင်းမှာစာသင်ကြားပေးနေတဲ့ အဲဒီကျောင်းဆရာတွေကို CDM ဆရာ၊ ဆရာမတွေနဲ့ တော်လှန်ရေးထောက်ခံတဲ့ အင်အားစုတွေက တိုက်တွန်းလို့ ဖမ်းဆီးတာလို့လည်းပြောပါတယ်။
‘’ကျနော်တို့ ဖက်မှာကလည်း စာသင်ကျောင်းတွေဖွင့်ထားတယ်။ NUG စာသင်ကျောင်းတွေဖွင့်ထားတယ်။ ဒီမှာ တက်လိုရတဲ့ အခွင့်အရေးတွေရှိတာပေါ့’’ လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။
ကလေးခရိုင် ၊ပြည်သူကာကွယ်ရေး တပ်မတော်၊ မြို့ပြစစ်ဆင်ရေး ဒုတာဝန်ခံနဲ့ အဖွဲ့ က ဒီလ ၇ ရက်၊ နေ့ခင်းပိုင်းက စစ်ကောင်စီလက်အောက်ခံ အ.ထ.က (၉) ကျောင်းအုပ် ဦးဆန်းထွန်းမောင်နဲ့ ဦးဂွန်ဆွမ်းခိုင်တို့နှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ကလေးမြို့ ၊ပြည်သူရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်။
ဒါအပြင် ကလေးမြို့၊ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ဒီလ ၈ ရက်၊ ညနေပိုင်းမှာလည်း ကျောက္ကာရွာ အလယ်တန်းကျောင်းအုပ် ဦးမောင်မောင်ခင်ကို တောင်ဖီလာရပ်ကွက်က သူရဲ့နေအိ်မ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ကလေးမြို့ ပြည်သူ့ရဲတပ်ဖွဲ့ကို အပ်နှံထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အဲဒီသုံးဦးကို ကလေးပြည်သူရဲတပ်ဖွဲ့က အမှုတည်ဆောက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) အရ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ရဲ့ ကလေးမြို့နယ် တရားသူကြီးများအဖွဲ့မှ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒိုးနွယ်ကျေးရွာ၊ ကျောင်းထိုင်ဆရာတော် ဥူးသူနန္ဒဆိုသူက စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး တော်လှန်ရေး အင်အားစုတွေရဲ့ သတင်းတွေကို ထောက်လှန်းတာအပြင် အကြမ်းဖက်လုပ်ရပ်တွေကို PDF တွေက ပြုလုပ်နေတဲ့ဆိုတဲ့ သတင်းအမှားတွေ ဖြန့်ဝေတဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
အဲဒီ ဆရာတော်ကို ဖမ်းဆီးရမိစဉ်က ပစ္စတိုသေနတ် တလက်ကိုလည်း သိမ်းဆည်းရမိခဲ့ပေမယ့် တရားစွဲဆိုတာမျိုးမလုပ်ခဲ့ဘဲ ခံဝန်နဲ့ သာပြန်လည် လွတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ကလေးမြို့၊ပြည်သူရဲတပ်ဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကတည်းက (CDM) မှာပါဝင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီးဖွဲ့စည်းချိန်ကနေ အခုအချိန်အထိ စစ်ကောင်စီလက်အောက်ခံစစ်တပ်နဲ့ ရဲတပ်ဖွဲ့မပါဘဲ အခြားဝန်ထမ်းခြောက်ဦးကို အရေးယူထားတယ်လို့ ဆိုပါတယ်။
“ အခုသုံးဦးက ကျောင်းတွေကပေါ့ ။အရင်သုံးဦးက မြန်မာအာမခံ လုပ်ငန်းက ခရိုင်တာဝန်ခံ တယောက်၊ မြန်မာစီးပွားရေးဘဏ်က မန်နေဂျာတယောက်နဲ့ တခြားတယောက်ပေါ့ ” လို့ ကလေးမြို့ ပြည်သူရဲတပ်ဖွဲ့က တာဝန်ခံ တဦးကပြောပါတယ်။
ကလေးမြို့၊ ပြည်သူ့ရဲတပ်ဖွဲ့ထိန်းချူပ်ထားတဲ့ နယ်မြေအတွင်းတရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ရဲလုပ်ငန်းစဉ်တွေတိုင်းဆောင်ရွက်နေပြီး ဓားပြမှုနဲ့ လုယက်မှုဖြစ်စဉ်တွေ မရှိပေမယ့် မုဒိမ်းမှု၊ လူသတ်မှု စတဲ့ရာဇဝတ်မှုခင်းတွေကို ကိုင်တွယ်ဖြေရှင်းပေးနေရတယ်လို့ သူဆက်ပြောပါတယ်။
“ ကျနော်တိုု့ ဒေသမှာ ရှိတဲ့ ပြည်သူနဲ့ စကစ ထိန်းချူပ်တဲ့ နေရာမှာရှိတဲ့ပြည်သူနဲ့ကတော့ အခုချိန်မှာ လုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးမှု အရသာခံစားရတာကွာတာပေါ့လေ။ ကျနော်တို့ ဆီမှာတော့ မည်သည့်အမှုမဆို ရဲလုပ်ထုံးလုပ်နည်းအတိုင်း ကိုင်တွယ်ဖြေရှင်းတဲ့အဆင့်တော့ ရောက်ပြီပေါ့ ” လို့သူူကဆိုပါတယ်။