ကလေးမြို့မှာ အိမ်ငှားနေတဲ့ CDM ဆရာဝန်တစ်ဦးနဲ့အိမ်ရှင်သားအမိနှစ်ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ဘဲအင်းရပ်ကွက်မှာ အိမ်ငှားနေထိုင်တဲ့ CDMဆရာဝန်တစ်ဦးနဲ့ အိမ်ငှားခဲ့တဲ့ အိမ်ရှင်တွေကို ဇူလိုင် ၂၇ရက်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်တွင်းနေထိုင်သူတွေက DNA ကိုပြောပါတယ်။
” အိမ်ရှင်တွေက ဦးကံမြင့်ရဲ့ညီမ။ သူတို့က ငါးရောင်းတယ်။ သူတို့အိမ်ငှားနေတာက ရှောင်နေတဲ့ CDM ဆရာဝန်လို့ကြားတယ်ဗျ။ နာမည်နှင့် ဘယ်အရပ်ဒေသကလဲတော့မသိဘူး” လို့ ရပ်ကွက်သားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဇူလိုင် ၂၈ ရက်၊မနက်မှာလည်း အကြမ်းဖက်စစ်သားတချို့ CDM ဆရာဝန်ငှားရမ်းခဲ့တဲ့အိမ်ဘေးက နေအိမ်ကိုလည်း ဝင်ရောက်မွှေနှောက်ရှာဖွေတာတွေလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်ကရှာဖွေဖမ်းဆီးခဲ့တာဟာ သတင်းပေးသူရှိတာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။
” ကျမတို့ရပ်ကွက်မှာ အကြီးစားဒလန်ရှိနေတာသေချာတယ်။ ဘယ်သူလဲဆိုတာကို စုံစမ်းမရသေးဘူးဖြစ်နေတာ။ အတော်ပိရိတယ်ပေါ့”လို့ ရပ်ကွက်သူတစ်ဦးက ပြောပါတယ်။
ခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုဟာ ကလေးမြို့အနှံ့ လုံခြုံရေးတင်းကျပ်နေတာပါ။
ဘဲအင်းရပ်ကွက်ထဲမှာလည်း ညတိုင်းနီးပါး ကင်းပုန်းတွေဝပ်နေသလို ဇူလိုင် ၂၇ ရက်၊ညနေပိုင်းမှာလည်း ကလေးမြို့အနောက်ပိုင်း တောင်ဇလပ်ရပ်ကွက်ရှိ ဆည်မြောင်းရုံးမှာ လက်နက်ကြီးတွေပါဝင်တဲ့ စစ်သား ၆၀ ဝန်းကျင်ကို တပ်ချထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။