နိုင်ငံတကာ အသိုက်အဝန်းဆီ စစ်ဗိုလ်ချုပ်တွေ ပို့ဆောင်ချင်နေတဲ့ သတင်းစကား

သြဂုတ် ၊ ၂၆

“လက်လျှော့လိုက်တော့”။ ဟုတ်ပါတယ်။ ဒါဟာ မြန်မာပြည်သူ တရပ်လုံးဆီ အာဏာသိမ်း စစ်တပ်က အရောက်ပို့ချင်နေတဲ့ သတင်းစကားပါပဲ။

စက်တင်ဘာ လဆန်းလောက်ကျရင် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် ကမ္ဘာ့နိုင်ငံ တော်တော်များများရဲ့ ခေါင်းဆောင်တွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ စုဝေးကြပါလိမ့်မယ်။ အဲဒီထဲမှာ G7 အဖွဲ့ဝင် အင်အားကြီး နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေအပြင် အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်လည်း ပါဝင်ပါလိမ့်မယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ တခြား အာဆီယံနဲ့ G7 အဖွဲ့ဝင် တချို့ရဲ့ ခေါင်းဆောင်တွေနဲ့အတူ G20 ညီလာခံကို ရောက်နေမှာပါ။ အာဆီယံ ထိပ်သီး ညီလာခံမှာ သေချာပေါက် အလေးထား ဆွေးနွေးမယ့် အကြောင်းအရာ တခုကတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်း ကိစ္စပါပဲ။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် မြန်မာနိုင်ငံမှာ အတိုက်အခံ လှုပ်ရှားမှုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတွေကို ရက်ရက်စက်စက် အုံနဲ့ကျင်းနဲ့ ဖိနှိပ် ဖြိုခွင်းနေပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ တရားလက်မဲ့ စိတ်ထင်ရာ ဖမ်းဆီး​ ထောင်ချတာတွေ၊ ကွပ်မျက်တာတွေ၊ နှိပ်စက်တာတွေ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ စစ်ဆင် တိုက်ခိုက်တာတွေ အပါအဝင် ကြမ်းတမ်းရက်စက်လှတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တပြုံတမကြီး အားတက်သရော လုပ်ဆောင်နေခဲ့ပါတယ်။ မကြာသေးခင်ကတော့ အသက် ၇၈ နှစ်အရွယ် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ်တွေကို​ လျှော့ပေါ့ခွင့် ပေးလိုက်ကြောင်း စစ်ခေါင်းဆောင်တွေက အင်မတန် သဘောထား ကြီးသယောင်ယောင် ထုတ်ပြန်ခဲ့ပါတယ်။ တကယ်တော့ မတရား ပုဒ်မတွေနဲ့ ချမှတ်ခံထားရတဲ့ ထောင်ဒဏ် ၃၃ နှစ်ထဲကနေ ၆ နှစ် နုတ်ပယ်ပေးလိုက်တယ် ဆိုတာက လူရယ်စရာ ကိစ္စမျိုးတောင် ဖြစ်နေပါတယ်။ စစ်တပ်ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကတော့ သူတို့ရဲ့ တရားလက်မဲ့ ဖြိုခွင်းမှုတွေကို အကာအကွယ်ယူပြီး မျှတချင်ယောင် ဆောင်ဖို့၊ ပြီးတော့ အရေးပေါ် အခြေအနေ ကြေညာချက် သက်တမ်း ထပ်တိုးလိုက်တာကို အာရုံလွှဲဖို့သာ ဖြစ်ပါတယ်။

အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ မြန်မာ့ အကျပ်အတည်းကို သံတမန်ရေးအရ ဖြေရှင်းဖို့ အားထုတ်မှုတွေဟာ အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ပြီးပါပြီ။ အာဆီယံအပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီလိုမျိုး မိတ်ဖက် အင်အားစုတွေဟာ မြန်မာ စစ်အာဏာရှင်တွေက ပြည်သူအပေါ် အနိုင်ကျင့် ရက်စက်မှုတွေ ဆက်မလုပ်အောင် မတားဆီးနိုင်ခဲ့ကြပါဘူး။ ဒါ့အပြင် ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်ဆလင် အသိုက်အဝန်းတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့လည်း တာဝန်ခံမှု ရှိလာအောင် မဆောင်ရွက်နိုင်ခဲ့ပါဘူး။ အဲဒီအစား ကြမ်းကြုတ် ရက်စက်မှုတွေက အရှိန်တောင် ပိုကောင်းလာနေသလိုပါပဲ။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အဖွဲ့ဝင် နိုင်ငံတွေထဲမှာတောင် စုစုစည်းစည်း၊ ညီညီညွတ်ညွတ် ဖြစ်လာအောင် မစွမ်းသာတဲ့ အာဆီယံနဲ့ ပတ်သက်လို့ လက်ရှိ အချိန်ထိ အဖွဲ့က စွဲစွဲမြဲမြဲ လက်ကိုင်ထားနေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြင်ပ သံတမန် အသိုက်အဝန်းက အတော်လေး လက်ညှိုးထိုး ဝေဖန်လာကြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အာဆီယံက အဲဒီ ဘုံသဘောတူညီချက်တွေကို စတင် သတ်မှတ်ပြီး တကယ်တမ်းကျတော့ မြန်မာ စစ်တပ်က လေးစားလိုက်နာမလိုလိုနဲ့ လုံးဝဥဿုံ မျက်ကွယ်ပြုထားလိုက်တာဟာ ဒီနေ့၊ ဒီအချိန်ထိပဲ ဖြစ်ပါတယ်။

မြန်မာ စစ်ဗိုလ်ချုပ်တွေ လိုချင်တာက သူတို့ လုပ်ဆောင်သမျှတိုင်းကို အားလုံးက လက်လျှော့ အရှုံးပေးလိုက်ဖို့၊ လက်သင့်ခံပေးလိုက်ဖို့ ဆိုတာမျိုးပါပဲ။ ဒါပေမဲ့ မြန်မာပြည်သူတွေက လက်လျှော့ဖို့ အသည်းကောင်းကောင်းနဲ့ ငြင်းဆန်နေဆဲ ဖြစ်တဲ့အတွက် နိုင်ငံတကာ အစိုးရတွေကလည်း မျက်ကွယ်မပြုနိုင်ဘူး ဖြစ်နေပါတယ်။ တကယ်တော့ မြန်မာ့ လူ့အခွင့်အရေး အကျပ်အတည်းက လုံးဝဥဿုံ မဖြေရှင်းနိုင်တဲ့ စိန်ခေါ်မှုတော့ မဟုတ်ပါဘူး။ ဒါ့အပြင် မျက်နှာလွှဲထားဖို့ မဖြစ်သင့်လောက်အောင် ဆိုးယုတ်ကြမ်းတမ်းမှုတွေ ပြည့်နှက်နေပြန်ပါတယ်။

မြန်မာ စစ်တပ်ဟာ ပြည်သူတွေရဲ့ အာခံမှုကို ဖြိုချပြီး မျှော်လင့်ချက်တွေ ကုန်ဆုံးစေဖို့ ရည်ရွယ်ချက်နဲ့ အကြမ်းဖက် လုပ်ရပ်တွေကို မနားမနေ ကျူးလွန်နေတယ်။ တကယ်တော့ မြန်မာပြည်သူတွေအပေါ် စစ်တပ်က ဒီလိုမျိုးတွေ ကျူးလွန်ခဲ့တာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၆ ခုလောက် ကတည်းကပါ။ မြန်မာစစ်တပ်ရဲ့ လွန်လွန်ကျွံကျွံ ဆိုးသွမ်းခဲ့တဲ့ ရာဇဝတ်မှုတွေထဲမှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကတော့ ကမ္ဘာသိ ဖြစ်ခဲ့ဖူးပါတယ်။ ဒါတောင် အဲဒီ ဖြစ်စဉ်မျိုးဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြင်ဆင်ပြောင်းလဲရေး ခြေလှမ်းတွေ အစပြုချိန်မှာ ပေါ်ပေါက်ခဲ့တာပါ။ ကြည့်ရတာ နိုင်ငံတကာ အမြင်မှာ ဘယ်လောက် နာမည်ပျက်နေပါစေ၊ မြန်မာ စစ်တပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်ချင်တဲ့ သူတို့ရဲ့ အာသီသကို အကန့်အသတ်မရှိ ဖြန့်ကျက်ချင်နေသေးပုံ ရပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာ့ အရေးနဲ့ ပတ်သက်လို့ သဘောတူ ဆုံးဖြတ်ချက် တရပ်ကို ချမှတ်နိုင်ခဲ့ပေမယ့် အနှစ်ချုပ်ကတော့ အာဆီယံကို ဗဟိုပြုပြီး ငြိမ်းချမ်းစွာ ဖြေရှင်းမှု နည်းလမ်းတွေကို အပြည့်အဝ ထောက်ခံပါမယ် ဆိုတာထက် မပိုပါဘူး။ ကုလသမဂ္ဂရော၊ နိုင်ငံတကာ အသိုကအဝန်းပါ ဒီထက်ပိုရဲရင့်တဲ့ လမ်းကြောင်းမျိုးဆီ ပြောင်းလဲဖို့ လိုနေပါပြီ။ အထူးသဖြင့် မြန်မာ့အရေးနဲ့ ပတ်သက်ရင် လုံခြုံရေး ကောင်စီရဲ့ ဆွေးနွေး ငြင်းခုံမှုတွေကို အဓိက ဦးဆောင်လေ့ရှိတဲ့ ဗြိတိန်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် သစ်လွင်ပြီး ပိုမို ထိရောက် အားကောင်းတဲ့ ဆုံးဖြတ်ချက် အသစ်တွေအတွက် နည်းလမ်းရှာ တင်ပြဖို့ လိုပါတယ်။ အဲဒီထဲမှာ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ၊ မြန်မာနိုင်ငံဆီ စစ်လက်နက် တင်သွင်းမှု ပိတ်ပင်တာတွေ အပါအဝင်ပေါ့။

ပြီးခဲ့တဲ့နှစ် ကုလသမဂ္ဂ မဲခွဲဆုံးဖြတ်မှုမှာ မြန်မာစစ်တပ်ရဲ့ အဓိက မဟာမိတ် တရုတ်ဟာ ဗီတိုအာဏာသုံးပြီး ဝင်ကန့်ကွက်တာမျိုး မလုပ်ဘဲ ကြားနေဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီအခြေအနေကို ကြည့်မယ်ဆိုရင် မြန်မာ့ ပြဿနာနဲ့ ပတ်သက်လို့ လုံခြုံရေး ကောင်စီအပေါ် ပိုပြီး ဖိအားပေးလို့ ရသေးတယ်ဆိုတာ မြင်သာလာစေပါတယ်။ တချို့သော အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကလည်း မြန်မာ့အရေးနဲ့ ပတ်သက်ရင် ကုလသမဂ္ဂက ပိုပြီး ထဲထဲဝင်ဝင် ကူညီဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါပြီ။ ဒါပေမဲ့ လုံခြုံရေး ကောင်စီက သစ်လွင်တဲ့ ချဉ်းကပ်မှု အသစ်တခုကို ခပ်သွက်သွက် မရွေးချယ်နိုင်သ၍ အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းတွေက အောင်မြင်မှုနဲ့ ဝေးနေဦးမှာ ဖြစ်ပါတယ်။

နောက်ပြီး နိုင်ငံတကာ ညီလာခံတွေမှာ တက်ရောက်မယ့် အာဆီယံ ဆွေးနွေးပွဲ မိတ်ဖက် နိုင်ငံတွေ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်တို့အပြင် ၂၀၂၄ မှာ လုံခြုံရေး ကောင်စီကို ပူးပေါင်းလာမယ့် တောင်ကိုရီးယားကပါ မြန်မာ့ အရေးနဲ့ ပတ်သက်ရင် အာဆီယံက ဖြေရှင်းပေးလိမ့်မယ်ဆိုတဲ့ သဘောထားမျိုးထက် ပိုမို ပြင်းပြတဲ့ စိတ်ဆန္ဒကို တညီတညွတ်တည်း ပြသဖို့ လိုပါတယ်။

အဲဒီ နိုင်ငံတွေဟာ မပြတ်မသား ဖြစ်နေတဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂ၊ ဗြိတိန်တို့နဲ့ ပူးပေါင်းပြီး အရှေ့တောင်အာရှ ဒေသတွင်း အခြေအနေတွေနဲ့ ကိုက်ညီတဲ့ အရေးယူ ပိတ်ဆို့မှုတွေ မြန်မာ စစ်တပ်အပေါ် ချမှတ်ဖို့၊ စစ်ဗိုလ်ချုပ်တွေက ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆီ ပီပီပြင်ပြင် ဦးတည်မလာမချင်း ဝိုင်းဖယ်ကြဉ်ထားကြဖို့ ဖိအားပေး တောင်းဆိုရမှာပါ။

အထူးသဖြင့် အာဆီယံ မိတ်ဖက် နိုင်ငံတွေဟာ ထိုင်းနဲ့ စင်ကာပူတို့ကို ထဲထဲဝင်ဝင် ဖိအားပေးသင့်ပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာဆီကနေ ဒေါ်လာ သန်းပေါင်းရာနဲ့ချီ တန်ဖိုးရှိတဲ့ သဘာဝ ဓာတ်ငွေ့တွေကို ဝယ်ယူနေပါတယ်။ စင်ကာပူ ဘဏ်တွေမှာတော့ မြန်မာစစ်တပ်ရဲ့ နိုင်ငံခြား ဝင်ငွေတွေကို တာဝန်ယူပေးတဲ့ စာရင်းတွေ ဖွင့်လှစ်ထားပါတယ်။

ထိုင်းရော၊ စင်ကာပူပါ ပြည်တွင်းက ကုမ္ပဏီတွေ၊ ဘဏ်တွေ အနေနဲ့ မြန်မာအပေါ် အမေရိကန်နဲ့ ဥရောပ သမဂ္ဂက ချမှတ်တဲ့ စီးပွားရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတွေကို ရှောင်လွှဲပေးတာမျိုး လုံးဝ မလုပ်ကြဖို့ သတိပေးထားသင့်ပါတယ်။

 တချို့ လေ့လာသူတွေကတော့ နိုင်ငံတကာ ဖိအားပေးမှုနဲ့ အရေးယူ ပိတ်ဆို့မှုတွေဟာ မြန်မာစစ်တပ်ရဲ့ အဖျက်လုပ်ရပ်တွေကို တန်ပြန်ရာမှာ အရေးကြီးကြောင်း သုံးသပ်ပြကြပါတယ်။ ဒါပေမဲ့ လက်တွေ့ကျကျ စဉ်းစားကြည့်မယ်ဆိုရင် ပြင်ပကမ္ဘာရဲ့ နိုင်ငံတကာ အစိုးရတွေဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဖိအားပေးရေး ကိစ္စမှာ ဘယ်တုန်းကမှ တညီတညွတ်တည်း မရှိခဲ့ကြပါဘူး။ မြန်မာ စစ်ဗိုလ်ချုပ်တွေအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဆိုတာကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်နေကြသလိုပါပဲ။

 အမေရိကန်၊ ဥရောပ သမဂ္ဂတို့အပြင် သဘောထား ခံယူချက် တူညီတဲ့ နိုင်ငံတချို့ကသာ အာဏာသိမ်းမှုအပြီး မြန်မာ စစ်တပ် ခေါင်းဆောင်ပိုင်းနဲ့ သူတို့ရဲ့ အကျိုးစီးပွား ဆက်စပ်ရာ လုပ်ငန်းတွေကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်နေတာပါ။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး မလုပ်ခင် စစ်အစိုးရ အုပ်စိုးတဲ့ ကာလတွေတုန်းကလည်း အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ရင် ကိုင်တွယ် လုပ်ဆောင်ပုံတွေက နှေးကွေးလွန်းပြီး လုံလောက်တဲ့ ခက်ထန် ပြတ်သားမှုလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် စစ်တပ်ဆီ စီးဝင်နေတဲ့ အဓိက နိုင်ငံခြားဝင်ငွေ ရင်းမြစ်တွေကို ပစ်မှတ်ထား ဖြတ်တောက်ပစ်ဖို့ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပါဘူး။

 လက်ရှိ အခြေအနေအရ မြန်မာ စစ်ခေါင်းဆောင်တွေဆီ အမေရိကန်ဒေါ်လာ၊ ယူရိုနဲ့ တခြား နိုင်ငံခြား ငွေကြေးယူနစ်တွေဟာ ဖက်စပ် အကျိုးတူ လုပ်ငန်းတွေဆီကနေ အလုံးအရင်း ဆက်လက် စီးဝင်နေဆဲပါပဲ။ ဒါဟာ စစ်တပ်ရဲ့ မိတ်ဖက် တရုတ် တနိုင်ငံတည်းနဲ့ သက်ဆိုင်တာ မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံ အတော်များများက ကုမ္ပဏီတွေရဲ့ ပါဝင် ပတ်သက်မှုတွေ ရှိနေတာပါ။ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှားတို့လည်း အပါအဝင်ပေါ့။ မြန်မာ စစ်တပ်ရဲ့ အကြီးမားဆုံး နိုင်ငံခြားဝင်ငွေ ရင်းမြစ်ကြီးဖြစ်တဲ့ သဘာဝဓာတ်ငွေ့ ရောင်းချမှုကနေ စီးဝင်တဲ့ ငွေ​ကြေး ပမာဏက အလုံးအရင်း ရှိနေဆဲပါ။ နောက်ပိုင်းကာလတွေမှာ အမေရိကန်က အဲဒီအပိုင်းကို အတော်လေး ပစ်မှတ်ထားပြီး လိုက်ကျပ်နေတာတောင်မှာ ထိထိရောက်ရောက် မပိတ်ဆို့နိုင်သေးပါဘူး။ မြန်မာ စစ်တပ်က လေယာဉ်ဆီတွေ ဝယ်ယူနိုင်မှုကိုလည်း ပိုပြီး ကြပ်ကြပ်မတ်မတ်နဲ့ တင်းတင်းမာမာ ပိတ်ဆို့ဖို့ လိုနေဆဲ ဖြစ်ပါတယ်။

 တကယ်လို့ ဒေါ်လာ၊ ယူရို ငွေကြေးတွေနဲ့ ပေးချေရတဲ့ နိုင်ငံခြားဝင်ငွေ အပေါက်တွေကို ပိုပြီး ထိထိရောက်ရောက် ပိတ်ဆို့နိုင်မယ်ဆိုရင် စစ်တပ်ရဲ့ နိုင်ငံခြားဝင်ငွေ ရရှိမှုဟာ သိသိသာသာ ဆုတ်ယုတ် အားနည်းသွားပါလိမ့်မယ်။ အကျိုးဆက် အနေနဲ့ တခြားနိုင်ငံသုံး ငွေကြေး ယူနစ်တွေ မြန်မာစစ်တပ်ဆီ လွှဲပြောင်း ဝင်ရောက်မှုပါ လျော့ကျလာပါလိမ့်မယ်။ တဖက်မှာလည်း နိုင်ငံတကာ ဘဏ်တွေအနေနဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂတို့က သူတို့ရဲ့ ငွေကြေး ယူနစ်တွေနဲ့ ပတ်သက်လို့ လွှဲပြောင်းပေးတဲ့ ကိစ္စတွေအပေါ် ကြပ်မတ်ထားတဲ့ စည်းမျဉ်းတွေကို မြေဝယ်မကျ လိုက်နာရမှာပါ။

 

အထိနာလာတယ် ဆိုဦးတော့၊ မြန်မာစစ်တပ်ဟာ စီးပွားရေးအရ အင်မတန် ပြင်းထန်တဲ့ နာကျင်မှုမျိုးတော့ မကြုံရသေးပါဘူး။ ဒီတော့ အာဏာသိမ်း စစ်တပ်ဟာ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေ၊ စူပါပါဝါတွေနဲ့ ကုလသမဂ္ဂဆီက ဖိအားပေး တောင်းဆိုနေတာတွေကို ဘာကြောင့် ပြောင်ပြောင်တင်းတင်း ဆက်ပြီး ငြင်းဆန်နိုင်နေသေးသလဲ ဆိုတာကို အံ့ဩစရာ ရှိဦးမှာလား။ အဖွဲ့အစည်းထဲမှာတောင် သဘောတူညီမှု တခုခု မရှာဖွေနိုင်ဘဲ နှစ်ခြမ်းကွဲနေတဲ့ အာဆီယံက သူတို့ကို ပြောင်းလဲလာအောင် ဖိအားပေးနိုင်မယ်လို့ စစ်ဗိုလ်ချုပ်တွေက တွေးတော စိတ်ပူနေမှာတဲ့လား။

မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ အချိုးတွေ ပြောင်းသွားအောင် လုပ်နိုင်မယ့်၊ ထိရောက်အားကောင်းတဲ့ အစီအမံတွေကို ပြောင်းလဲကျင့်သုံးဖို့ နောက်မကျသေးပါဘူး။ တကယ်တမ်း အပြောင်းအလဲတွေ လုပ်ဆောင်ချင်တဲ့ နိုင်ငံရေး အာသီသမျိုး ရှိဖို့တော့ လိုတောပေါ့။ မြန်မာပြည်သူတွေကတော့ မကောင်းဆိုးရွား စစ်တပ်ကို အရှုံးမပေးသေးပါဘူး။ တကမ္ဘာလုံးကလည်း ဒီလောက် ဆိုးယုတ်လှတဲ့ အဖွဲ့အစည်းမျိုးကို အလျှော့မပေးလိုက်ဖို့ သိပ်ကို အရေးကြီးပါတယ်။

 (Just Security၏ The Myanmar Military Wants the World to Give Up ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)