ကလေးမြို့မှာ ဓာတ်ဆီစျေးနူန်းတွေ နှစ်ဆနီးပါးတက်ပြီးတန်းစီဝယ်နေကြရ

သြဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဓာတ်ဆီကားတွေမဝင်ရောက်နိုင်တာ ရက်ပေါင်းနှစ်ဆယ်နီးပါးရှိပြီဖြစ်တဲ့ကလေးမြို့မှာ ဓာတ်ဆီစျေးနူန်းတွေနှစ်ဆနီးပါးတက်ပြီး ဆိုင်ကယ်ဓာတ်ဆီထည့်ဖို့ တန်းစီစနစ်နဲ့ဝယ်ယူနေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

” တန်းစီစနစ်နဲ့ဝယ်နေရတာသုံးလေးရက်ရှိပြီ။ အစပိုင်းက ငါးထောင်ဖိုးစီထည့်ပေးပေမယ့် မနေ့ကစ တချို့ဆိုင်တွေကသုံးထောင်ဖိုးစီပဲထည့်ပေးတော့တယ်” လို့ မြို့ခံတဦးကပြောပါတယ်။

ကလေးမြို့ကို မုံရွာနဲ့ မန္တလေးဘက်ကိုဆက်သွယ်ထားတဲ့မဟာမြိုင်လမ်းဟာ ကလေးဝမြို့နယ်ထဲ က လမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် သြဂုတ်လ ၅ ရက်ကတည်းကသွားလာလို့ မရတာဒီကနေ့အထိဖြစ်ပါတယ်။

အဲဒီလိုလမ်းပိတ်ထားလို့ ကလေးမြို့ပေါ်က ဓာတ်ဆီဆိုင်တွေဟာ ဆီကားတွေမရောက်သေးတာကြောင့် ရှိတဲ့လက်ကျန်ဆီတွေကို ခွဲဝေသုံးစွဲနိုင်ဖို့ အခုလိုရောင်းချပေးတာဖြစ်တယ်လို့ ဆီကုန်သည်အသိုင်းအဝိုင်းကနေသိရပါတယ်။

ဒါ့ကြောင့် ကလေးမြို့မှာ ဓာတ်ဆီစျေးနူန်းဟာ တ ဂါလံကို သုံးသောင်းနီးပါးအထိပေါက်နေပြီး အရင်ကထက်နှစ်ဆနီးပါးစျေးတက်သွားတာဖြစ်တယ်လို့ လည်း ဒေသခံတွေကဆိုပါတယ်။

” ရေသန့်ဘူးသေးလေးတဘူး(လီတာဝက်) ငါးထောင်ပေးရတာဗျာ။ အိမ်ကနေဆီဆိုင်အသွားအပြန်တောင် ဝယ်ခဲ့တဲ့ဆီတဝက်ကကုန်ပြီ” လို့ ဓာတ်ဆီဝယ်ယူခဲ့သူတဦးကပြောပါတယ်။

ကလေးမြို့မှာ ဓာတ်ဆီကိုအလုအယက်ဝယ်ယူသူတွေအများအပြားရှိသလို လက်လျော့ပြီး မဝယ်ဘဲနေတဲ့သူတွေလည်းရှိနေပါတယ်။

” စျေးကကြီးသေးတယ်။ အချိန်ကပေးရသေးတယ်။ မတိုးတော့ဘူး။ အဲ့လောက်ကြီးလဲအချိန်ပေးမတိုးနိုင်ဘူး။ စက်ဘီးနဲ့ပဲသွားတော့တာ” လို့ကလေးမြို့အိမ်ထောင်ရှင်မတဦးကပြောပါတယ်။

ဒါ့အပြင် စက်သုံးဆီစျေးနူန်းတွေတက်ပြီးဝယ်ယူရခက်တာကြောင့်  သုံးဘီးသမားတွေနဲ့ဆိုက်တွဲဆွဲတဲ့သူတွေဟာ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။

” ကျနော်တို့က ဒီသုံးဘီးမောင်းပြီး လုပ်စားနေရတာဆိုတော့ ဆီကမရှိလို့မရဘူး။ ဆီတိုးတော့လည်းသုံးဘီးရော၊ဆိုက်တွဲရောတိုးလို့အဆင်မပြေဘူး။ ဆိုင်ကယ်နဲ့တိုးမှအဆင်ပြေတာ။ ကျနော်လည်း အိမ်ကဆိုင်ကယ်နဲ့တိုးရတာပဲ။ နှစ်ခေါက်၊ သုံးခေါက်တိုးပြီးမှ သုံးဘီးထဲပြန်ထည့်မောင်းရတယ်။ အခြေအနေတွေဆိုးလာတယ်ဗျာ” လို့သုံးဘီးမောင်းသူတဦးကပြောပါတယ်။

မဟာမြိုင်လမ်းပိတ်တာကြောင့် ကလေးမြို့ပေါ်မှာ ဓာတ်ဆီ၊ဆန်၊ဆီနဲ့ ဆားအပါအဝင် ကုန်စျေးနူန်းတွေအားလုံးမြင့်တက်နေပြီး မဟာမြိုင်ကားလမ်းဘယ်တော့ပွင့်မယ်၊ ဓာတ်ဆီကားတွေဘယ်အချိန်ဝင်မယ်ဆိုတာ မသိနိုင်သေးပါဘူး။

“ဓာတ်ဆီစျေးက BOC ဆိုင်ပြန်ဖွင့်မှကျမှာ။ ပြီးခဲ့တဲ့ငါးရက်လောက် BOC ပိတ်လိုက်ကတည်းကစ ဓာတ်ဆီစျေးတွေအပြင်မှာထိုးတက်သွားတာ။ BOC ပြန်အဖွင့်ကိုပဲစောင့်ကြည့်နေရတယ်” လို့မြို့ခံတဦးကပြောပါတယ်။