ဘီးလင်းမှာ စစ်ဆေးရေးဂိတ်ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ အရပ်သားတဦးနဲ့ ရဲတဦး ဒဏ်ရာရ

သြဂုတ် ၂၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရွှေသံလွင်တိုးဂိတ်ဟောင်း စစ်ဆေးရေးဂိတ်ကို ဒီကနေ့မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် အရပ်သားတဦးနဲ့ ရဲတဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

“ အဲဒီမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့တော့ ဗုံးစထိတာတော့ ရှိတယ်။အဲထဲက ရဲတပ်ဖွဲ့ဝင်တဦးကပဲ ပိုထိသွားတာ များတာပေါ့။ ပြီးတော့ အရပ်သားတဦးလည်း ထိသွားတယ်။ ဘေးတွဲမောင်းလာရင်းနဲ့ ထိသွားတာ” လို့ သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူ တဦးက DNA ကို ပြောပါတယ်။

ဘီးလင်းမြို့နယ် ၊ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်  တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်ကို ဩဂုတ်လ ၂၄ ရက်၊ မနက် ၇ နာရီခန့်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KNLAနဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

ဒရုန်းတိုက်ခိုက်ခံရမှုကြောင့် စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တဦး ခန္ဓာကိုယ်အနှံ့မှာ ဗုံးစထိမှန်ဒဏ်ရာတွေ ရရှိခဲ့သလို လမ်းအတိုင်းမောင်းနှင်လာတဲ့ ဘေးတွဲမောင်းနှင်သူ အသက် ၃၅ နှစ်အရွယ် ဦးသိန်းထူးအောင်မှာ ဦးခေါင်းနောက်စေ့ ဗုံးစထိမှန် ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

“ ပူးပေါင်းတပ်ဖွဲ့ဘက်က သွားချတာမှန်တယ်။ ထိခိုက်မှုအခြေအနေအသေးစိတ်ကို ကျွန်တော်တို့ စုံစမ်းနေဆဲမို့လို့ပါ။” လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက DNA ကို ပြောပါတယ်။

ဗုံးစထိမှန်ခဲ့တဲ့သူနှစ်ဦးအနက် ဦးသိန်းထူးအောင်က မစိုးရိမ်ရပေမယ့် ရဲတပ်ဖွဲ့ဝင်တဦးက ဒဏ်ရာပြင်းထန်တာကြောင့် အသက် အန္တရာယ်စိုးရိမ်နေရပြီး ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ အဲဒီရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူက ပြောပါ တယ်။

ရွှေသံလွင်တိုးဂိတ်အဟောင်းရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို KNLA နဲ့ PDFပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့ နောက်မှာ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို လက်နက်ကြီးပစ်ခတ်သံ တချို့လည်း ကြားခဲ့ရ တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ ပစ်သံတော့ တချက်ကြားလိုက်တယ်။ ပြီးတော့ လက်နက်ကြီးအသံတွေလည်း ခဏလောက်ပဲ ကြားလိုက်ရတာပါ။ ရွာတွေဘက်မှာ ကျတာထင်တယ်။ ကိုယ်တို့နဲ့ နည်းနည်းအလှမ်းဝေးတယ်၊ အသံအနေအထားကတော့လေ။ မကြားသေးဘူး၊ ထိခိုက်မှုကလေ။ နောက်ပြီး အသံက တိတ်သွားတာ ခုထိပဲ ညီ။” လို့ ပြောပါတယ်။

သထုံခရိုင်မှာဆိုရင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ တပ်စွဲထားတဲ့နေရာတွေ၊ ကင်းစခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ ရဲကင်းနဲ့ ရဲစခန်းတွေကို KNLA ၊နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏသွားရောက် တိုက်ခိုက်လေ့ရှိပြီး ဖြစ်စဉ်အများစုမှာ စစ်ကောင်စီဘက်က အထိအခိုက်ရှိနေတာလည်း ဖြစ်ပါတယ်။