ပေါက်မှာ စစ်ဆေးရေး ဂိတ်တိုက်ခိုက်ခံရလို့ ရဲတဦးသေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရမိ

သြဂုတ်၊ ၂၂

မကွေးတိုင်း၊ပေါက်မြို့နယ်၊ ရေပြာကျေးရွာ အနီးမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သြဂုတ်လ ၂၂ရက်၊ မနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတဦးသေဆုံးခဲ့ပြီး သေနတ်တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေဆီက သိရပါတယ်။

“ စစ်ဆေးရေးဂိတ်မှာ စခ၊ရခ ခြောက်ကောင်ရှိတယ်။ ကျွန်တော်တို့က ဝင်ပြီးဝိုင်းပစ်တော့ အကုန်ထွက်ပြေးသွားတယ်။ တကောင်ပဲနေရာတင်သေအောင်ပစ်နိုင်တယ် ။ ကျန်တာက အထိခိုက်ရှိနိုင်တယ် ။မသေချာလို့ မထုတ်ပြန်တာ “ လို့ မြိုင်မြို့နယ်(PDF) တာဝန်ရှိသူတဦးကပြောပါတယ်။

 စစ်ကောင်စီတပ်နဲ့ ရဲတွေကင်းစောင့်နေတဲ့ရေပြာ ကျေးရွာအနီးက စစ်ကောင်စီဂိတ်စခန်းကို PDFတွေ တိုက်ခိုက်တဲ့ချိန်မှာတိုက်ပွဲ မိနစ် နှစ်ဆယ်ခန့် ဖြစ်ပွားပြီး ရဲတဦး သေဆုံးခဲ့ကာ G3 မောင်းပြန်ရိုင်ဖယ် တလက်၊ ကျည်  ၁၇၁ တောင့်၊ ဖုန်းတလုံးနဲ့ ဆိုင်ကယ်နှစ်စီး သိမ်းဆည်းရမိခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ဆေးရေးဂိတ်မှာ စောင့်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေဟာ  ရေပြာကျေးရွာရဲစခန်းထဲ ဝင်ရောက်နေတယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၊ တပ်စိတ် ၁၈၊ ပခုက္ကူမြို့ပြပျောက်ကြားတပ်ဖွဲ့ ၊ ဗိုလ်ဗျတ္တနဲ့ နွေဦးလေပွေတပ်ဖွဲ့နဲ့  Justic Fighter တပ်ဖွဲ့တို့အပါအဝင် တော်လှန်ရေးအင်အားစုတွေကပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

Photo- မြိုင် ပကဖ