မင်းတပ်မြို့မှာကျောင်း၊ ဆေးရုံနဲ့ ထွေအုပ်ရုံးတွေကို စစ်ကောင်စီ ပိတ်ထား

သြဂုတ်၊ ၂၃

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက သူတို့ လုံခြုံရေး ရယူထားတဲ့ စာသင်ကျောင်းတွေ အပါအဝင် ဆေးရုံနဲ့ ထွေအုပ်ရုံးတွေကို ဒီလ ၂၁ ရက်လောက်ကတည်းက စတင်ပြီး ပိတ်ပင်ထားတယ်လို့ CDF-Mindat ရဲ့ ပြောခွင့်ရ ဆလိုင်း ဟာအွမ်က DNA ကိုအတည်ပြုပြောဆိုပါတယ်။

“ ပိတ်တယ်ဆိုတာကလည်း မြို့ပေါ်ကလူတွေက ပြောလာတယ်။ ထွေအုပ်ပိတ်တယ်။ ကျောင်းပိတ်တယ်ပေါ့နော် အဲလိုတော့ကြားတယ်။ သေချာသလောက်တော့ရှိတယ်’’ လို့ အဲဒီပြောခွင့်ရသူ ဆလိုင်းဟာအွမ်က ဆိုပါတယ်။

မင်းတပ်မြို့မှာအလယ်တန်းကျောင်း ဆယ် ကျောင်းနဲ့ အထက်တန်းကျောင်း သုံးကျောင်းရှိပြီး အဲဒီကျောင်းတွေအနက် အထက်တန်း သုံးကျောင်းကိုသာ စစ်ကောင်စီတပ်က ဖွင့်လှစ်ပေးထားနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာတော့  စစ်ကောင်စီတပ်တွေက အထက်တန်းကျောင်း သုံးကျောင်း၊ ဆေးရုံ တရုံ၊ တရားရုံးတခုနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို  ပါမကြာသေးခင်က  ထပ်မံ ပိတ်ထားတယ်လို့ လည်း ဒေသခံတွေက ဆက်ပြောပါတယ်။

မင်းတပ်မြို့ပေါ်မှာ ပြည်သူဆေးရုံတခုနဲ့ အထက်တန်းကျောင်း သုံးကျောင်းအနက် အ .ထ.က (၁) နဲ့ (၃) သာလည်ပတ်နိုင်ပြီး အ.ထ.က (၂) တော့ CDF တွေရဲ့ စိုးမိုးနယ်မြေအတွင်းရောက်နေတော့ စစ်ကောင်စီက ကောင်းကောင်းမွန်မွန်  လည်ပတ်မပေးနိုင်ခဲ့ဘူးလို့ ဆလိုင်းဟွာအွမ်က ကဆိုပါတယ်။

“ မြို့ထဲက ခလရ ၂၇၄ တပ်ရင်းရှိမယ်။ မြို့အလယ်ခေါင် အဓိကလမ်းမကြီးပေါ်လောက်သူတို့ စိုးမိုးတာပေါ့ ။လမ်းအရှေ့ပိုင်းတောင် ကျနော်တို့က စိုးမိုးထားတယ်ပြောလိုရတယ်။ ထွေအုပ်ရယ်၊ ကျောင်း ရှိတာပေါ့ ။တရားရေးက ထွေအုပ်ရုံးနဲ့တွဲရှိနေတော့ ဒါတွေကတော့ (အရင်က)လည်ပတ်တယ်ပေါ့နော်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ လက်ရှိသူတို့ စိုးမိုးထားနိုင်တဲ့ နေရာလေးအတွင်းမှာ လုံခြုံမှုမရှိတော့ဘူးဆိုတာ ခံစားမိလာလို့ စိုရိမ်မှုတွေနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်တဲ့အနေနဲ့ အခုလိုပိတ်တာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။

“ကျနော်တို့ ကကျောင်းသော်လည်းကောင်း၊ ဆေးရုံသော်လည်းကောင်း ပိတ်ပင်တာတွေ ၊မဖွင့်ရဘူးဆိုတာ မပြောဘူး ။တားမြစ်ထားတာမရှိဘူး ” လို့ ဆလိုင်းဟွာအွမ်က ဆိုပါတယ်။

တော်လှန်ရေးအင်အားစုဖြစ်တဲ့ CDM-Mindat တပ်ဖွဲ့ အနေနဲ့ မင်းတပ်  မြို့ထဲကို တော်တော်လေးစိမ့်ထိုးဖောက်ထားပြီး   မြို့ရဲ့ သုုံးပုံ တပုံလောက်နဲ့ မြို့ပတ်လမ်းတွေမှာ မြေပြင်စိုးမိုးမှုရထားတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ မင်းတပ်မြို့ပေါ်က NoN-CDM ဝန်ထမ်းတွေကို ပြီးခဲ့တဲ့နှစ်ပိုင်းကသာ အပြောင်းအလဲတွေ လုပ်ပေးနိုင်ပေမယ့် လက်ရှိမှာတော့ မြို့အဝင်အထွက်လမ်းတွေကို CDF တွေစိုးမိုးထားနိုင်တဲ့အတွက် အပြောင်းအလဲတွေ မလုပ်ပေးနိုင်တော့ဘူးလို့ ဒေသခံတွေကဆိုကြပါတယ်။

‘’ကျောင်းကျတော့ ကျနော်တို့ ကော်မတီက နိုင်ငံတကာစည်းမျဉ်းတွေရှိတယ်။ ကျနော်တို့က လူထုဧရိယာတွေမှာ တိုက်ပွဲတွေမလုပ်ပါဘူး။ မင်းတပ်မှာက ဆေးရံ၊ု ကျောင်း ၊ထွေအုပ်ရုံး လောက်လည်ပတ်နိုင်တာပေါ့။ ကျန်တဲ့ဌာနတွေက တော်တော်များများ မလည်ပတ်ပါဘူး ” လို သူကဆိုပါတယ်။

လက်ရှိ စစ်ရေးအရ နှစ်ဖက် တိုက်ပွဲတွေဖြစ်ပွားတာမရှိသေးတဲ့အတွက် စစ်ကောင်စီတပ်က ကျောင်းတွေ ဘယ်လောက်လောက်ကြာကြာပိတ်မယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူးလို့ လည်း သူက ဆက်ပြောပါတယ်။

မင်းတပ်မြို့အပေါ် အထိုင်ချထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခလရ-၂၇၄ တပ်က လက်ရှိမှာမြို့ အနီးက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့အကြောင်းမဲ့ပစ်ခတ်နေတဲ့အတွက် မင်းတပ်-ကျောက်ထုသွားကားလမ်းကို ပြည်သူတွေသတိနဲ့သွားလာကြဖို့ CDF-Mindat ကအသိပေးထားပါတယ်။

မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ သုံးလတာကာလအတွင်း  တိုက်ပွဲပေါင်း ဆယ် ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား လေးဆယ်နီးပါးသေဆုံးခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက ထိခိုုက်ဒဏ်ရာရတာသာ ရှိတယ်လို့  ချင်းကာကွယ်ရေးတပ်(မင်းတပ်) ကထုတ်ပြန်ထားပါတယ်။