လက်ခတ်တောင်မှာ တိုက်ပွဲပြင်းထန်နေပြီး KNLA ပူးပေါင်းတပ်ဘက်က နှစ်ဦးကျဆုံး

သြဂုတ်၊ ၁၅
 
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်၊ တာဝါတိုင်ကုန်းစခန်း တိုက်ပွဲမှာ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးကာ ငါးဦးဒဏ်ရာရခဲ့တယ်လို့ KNU တပ်မဟာ (၆) သတင်းအရင်းအမြစ်တွေက DNA ကိုပြောပါတယ်။
 
“ မနက်က တိုက်ပွဲမှာပဲ နှစ်ဦးကျပါတယ်၊ ငါးဦးလောက် ဒဏ်ရာရသွားတယ်၊ လေယာဉ်နဲ့ ပစ်လို့ ထိတာမျိုးတော့ မဟုတ်ဘူး၊ လက်နက်ကြီး တောက်လျှောက်ပစ်နေတာ၊ လက်နက်ကြီးကျလို့ ထိသွားတာပါ ” လို့ စစ်ရေးအခြေအနေကို သိရှိတဲ့ KNU တပ်မဟာ (၆) အရာရှိတဦးက ပြောပါတယ်။
 
ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ တပ်ဖွဲ့ဝင်ငါးဦးဟာ ခန္ဓကိုယ်အနှံ့မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ လက်ခတ်တောင်ကုန်းစခန်းကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်ရရှိဖို့ကို နေ့စဉ်နဲ့အမျှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
 
အဲ့ဒီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၂၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အခုလ ၁၃ ရက်အထိ စစ်ကောင်စီက ဆယ်ကြိမ်အထိ ထိုးစစ်ဆင်ခဲ့ပြီး တောင်ခြေနားကိုတောင် မကပ်နိုင်သလို စစ်ကောင်စီဘက်က ဗိုလ်ကြီးနှစ်ဦးအပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
 
မနေ့ကအထိ တိုက်ပွဲတွေအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က တဦးကျဆုံးကာ ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့လည်း ကော်ဘရာစစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒီကနေ့ မနက်အစောပိုင်းမှာလည်း စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေအပြင် လေကြောင်းကနေ အဆက်မပြတ် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် KNLA – ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေတာလို့ သိရပါတယ်။
 
“ မနက်လေးနာရီလောက်မှာ တိုက်ပွဲက စပြင်းထန်တာပေါ့နော်၊ သူတို့က လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်နေတာလေ၊ ခြေလျင်စစ်ကြောင်းကနေ ဝင်လို့မရတော့လေ၊ နှစ်နေရာ၊ သုံးနေရာကနေ ပစ်နေတာ၊ အခုထိ ပစ်နေတုန်းပဲ ” လို့ အထက်ပါ KNU အရာရှိက ပြောပါတယ်။
 
ဒါ့အပြင် မနက် ဆယ်နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာသုံးစီးနဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တလုံးက လက်ခတ်တောင်ပေါ် ကျရောက်ပေါက်ကွဲပေမယ့် နောက်ထပ်နှစ်လုံးကတော့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာကို ပြန်ကျခဲ့တယ်လို့ ဆိုပါတယ်။
 
နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး အများအပြားရှိနေပေမယ့် အရေအတွက် တိတိကျကျကို အတည်ပြု မပေးနိုင်သေးသလို စစ်ရေးကလည်း ဆက်လက်တင်းမာနေဆဲပဲလို့ KNU အရာရှိက ပြောပါတယ်။
 
ဓာတ်ပုံ​ – Cobra Column
ပုံစာ – လက်ခတ်တောင်ကို သိမ်းပိုက်ပြီးနောက် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။