သြဂုတ်၊ ၉
အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းလို့ဆိုကာ ဒီချုပ်အစိုးရလက်ထက်က ဒုတိယသမ္မတ ဖြစ်ခဲ့သူ ဦးဟင်နရီဗန်ထီးယူကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)က သြဂုတ်လ ၉ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
” မနေ့က NLD ဗဟိုကော်မတီက အစည်းအဝေးလုပ်တာ မနက် ၁၁ နာရီကနေ လေးနာရီအထိကြာတယ်။ အဲဒီကြားကာလ အရေးပေါ်အစည်းအဝေးမှာ ဦးဟင်နရီဗန်ထီးယူကို ပါတီကထုတ်ပယ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါက လုပ်သင့်လုပ်ထိုက်တာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်တယ်လို့ မြင်ပါတယ် ” လို့ ဒီချုပ်ပါတီ၊ ရန်ကုန်တိုင်းလွှတ်တော်အမတ်တဦးဖြစ်သူ ဦးဘိုဘိုဦးက DNA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်မှာအွန်လိုင်းက ခေါ်ယူကျင်းပတဲ့ ဒီချုုပ်ပါတီ ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးမှာ ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ဖို့ သဘောတူခဲ့ကြတာကြောင့် အခုလို ထုတ်ပယ်ခဲ့တာလို့ သိရပါတယ်။
တပ်မတော်က အငြိမ်းစားဗိုလ်မှူးတဦးလည်းဖြစ်တဲ့ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ်ယှဉ်ပြိုင်မှသာ ဒီချုပ်ပါတီဝင်ဖြစ်ခဲ့ပြီး ရွေးကောက်ပွဲအပြီးမှာတော့ ဒုတိယသမ္မတ ၂ အဖြစ် ပါတီက တာဝန်ပေးခဲ့တာပါ။
ဦးဟင်နရီဗန်ထီးယူဟာ အာဏာသိမ်းချိန်က စစ်ကောင်စီက ခေါ်ယူတဲ့ အကြိမ်အပါအဝင် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)အစည်းအဝေးလေးကြိမ်ကို ကျန်းမာရေးအကြောင်းပြ မတက်ရောက်ခဲ့ပေမယ့် ဒီနှစ် ဇူလိုင်လ ၃၁ ရက်ကာလုံအစည်းအဝေးကိုတော့ တက်ရောက်ခဲ့ပါတယ်။
ဒီချုပ်ပါတီ ဥက္ကဌ၊ ဒုဥက္ကအပါအဝင် ဗဟိုအလုပ်အမှုဆောင် ကိုးဦးနဲ့ အခြားပါတီဝင်တွေ ဖမ်းဆီးခံထားရတဲ့အချိန် ပါတီအနေနဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့ ရပ်တည်နေတဲ့အချိန် ဦးဟင်နရီဗန်ထီးယူကတော့ ပြည်သူလုထုကို အကြမ်းဖက် နှိပ်စက်ဖမ်းဆီး သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ဦးဟင်နရီဗန်ထီးယူဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလာဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးအနေဖြင့် မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားဆောင်ရွက်မယ်ဆိုတဲ့ ကတိသစ္စာကိုလည်း ချိုးဖျက်ခဲ့တယ်လို့ ဒီချုပ်ဘက်က ပြောပါတယ်။
ဒီချုပ်ပါတီ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးဘိုဘိုဦးကတော့ အာဏာသိမ်းပြီးချိန်ကတည်းကနေ ပြစ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်တပ်နဲ့ ပေါင်းတဲ့ ဦးဟင်နရီဗန်ထီးယူလည်း အဲဒီပြစ်မှုတွေအတွက် တာဝန်ရှိသွားပြီလို့ ပြောပါတယ်။
” ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖြစ်တာတွေအားလုံးက နောက်ပိုင်းက တရားမဝင်လုပ်ရပ်တွေနဲ့ ပြစ်မှုတွေကို စစ်ကောင်စီက ကျူးလွန်နေတာ။ ဒါကို ဦးဟင်နရီဗန်ထီးယူက ပါဝင်သွားတာ၊ သဘောက သူစပါတဲ့နေ့ကတည်းက နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုထဲမှာ ဦးဟင်နရီဗန်ထီးယူလည်း တာဝန်ရှိသွားပြီ ” လို့ ဦးဘိုဘိုဦးက ဆိုပါတယ်။
ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွေမှာ ဒီချုပ်ပါတီကိုယ်စားပြုပြီး ချင်းပြည်နယ်ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရာ နှစ်ကြိမ်စလုံး အနိုင်ရခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်ကတော့ ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံခဲ့ရတာပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းချိန် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပေမယ့် ဒုသမ္မတဖြစ်သူ ဦးဟင်နရီဗန်ထီးယူကတော့ ဖမ်းဆီးခံရခြင်း မရှိခဲ့ပါဘူး။
အဖွဲ့ဝင် ၁၁ ဦးနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ)အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ လက်ရှိမှာ အရင်အဆောင်အယောင်ခံစားခွင့်တွေနဲ့ပဲ ဆက်လက်တည်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဦးဟင်နရီဗန်ထီးယူဟာ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အမှုတွေနဲ့ပတ်သတ်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်မှာ တရားခံပြသက်သေအဖြစ်ထွက်ဆိုခဲ့ပါတယ်။ အဲဒီလိုထွက်ရာမှာ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ဟာ ရဟက်ယာဉ်ဝယ်ယူ၊ ငှားရမ်းတဲ့ လုပ်ငန်းစဉ်တွေကို ဘက်ဂျက်လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ခြင်း ဖြစ်တယ်လို့လည်း ထွက်ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်ကလည်း ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်းနဲ့ ဗဟိုကော်မတီဝင်တွေဖြစ်ကြတဲ့ ဒေါ်စန္ဓာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ကိုလည်း စစ်ကောင်စီအလိုကျ ဆောင်ရွက်လို့ဆိုကာ ပါတီကနေ ထုတ်ပယ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ။