သြဂုတ်၊ ၈
ချင်းပြည်နယ်တောင်ပိုင်း ၊ကျင်ဒွေးမြို့ကို ရိက္ခာပို့ခဲ့တဲ့ စစ်ကောင်စီတပ်တွေက အပြန်လမ်းမှာ မိုင်းထိလို့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ရုပ်အလောင်းအချို့ကိုပါ နေအိမ်ထဲမှာ မီးရှို့သွားခဲ့ခဲ့တယ်လို့ CDF-Kanpetlet (ခေါ်နူးတပ်ရင်း) တာဝန်ရှိသူက ပြောပါတယ်။
“ကျင်ဒွေးကို ရိက္ခာပို့ခဲ့တဲ့စစ်ကြောင်းက ဇူလိုင် ၃၁ ရက်မှာ မဆွာတီကျေးရွာကို ရောက်လာပြီး ညအိပ်တယ်။ သူတို့(စစ်ကောင်စီတပ်) ပြန်လာတဲ့လမ်းကြောင်းမှာ မိုးတွေကအရမ်းရွာနေတော့ ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတော့မဖြစ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ထောင်ထားတဲ့ မိုင်းတွေမိတယ်။ အဲဒီလို မိုင်းမိလို့ သေတဲ့သူတွေကို မဆာတွီရွာထဲက အိမ်တအိမ်ထဲမှာ ကားတာယာတွေပုံပြီးတော့ မီးရှို့သွားတယ်။ အရိုးတွေလည်းတွေ့ရတယ်”လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
အင်အား သုံးရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကစတင်ပြီး ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးဒေသကို မကွေးတိုင်းအစပ်ကနေ ရိက္ခာပို့ဆောင်ဖို့ရာအတွက် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။
အဲဒီယာဉ်တန်းကို CDF- Kanpetlet နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဟန့်တားတိုက်ခိုက်ခဲ့တာကြောင့် အကျအဆုံးများခဲ့သလို တရက်ကြာသွားရောက်ရတဲ့ခရီးကို ၁၄ ကြာတဲ့အထိ သွားရောက်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ကျင်ဒွေးဒေသကို ရိက္ခာပို့ဆောင်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းဟာ ဒေသခံကာကွယ်ရေးတပ်တွေထောင်ထားတဲ့ မိုင်းထိလို့သေဆုံးတဲ့တပ်ဖွဲ့ဝင်တချို့ကို မဆာတွီကျေးရွာထဲက နေအိမ်တအိမ်ထဲမှာ မီးရှို့ခဲ့လို့ အဲဒီနေအိမ်ပါ မီးလောင်ဆုံးရှုံးသွားခဲ့တာပါ။
‘’အရိုးတွေကြည့်ရတာ အနည်းဆုံးသုံးယောက်လောက်တော့ရှိမယ်’’ လို့အဲဒီတာဝန်ရှိသူက ပြောပါတယ်။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၃၁ ရက်က ကျင်ဒွေးဒေသကနေ မဆွာတီကျေးရွာကို ရောက်ရှိလာခဲ့ပြီးနောက် ဩဂုတ် ၂ ရက်မှာတော့ မကွေးတိုင်းလောင်းရှည်မြို့နယ်ဘက်ကို ပြန်ထွက်သွားတယ်လို့ CDF-Kanpetlet(ခေါ်နူးတပ်ရင်း)ထံက သိရပါတယ်။
အဲဒီလိုပြန်ထွက်ချိန်မှာ မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်ရွာဟောင်း၊ လှိုင်ဒုတ်ရွာသစ်နဲ့ ထန်းကုန်း အစရှိတဲ့ ကျေးရွာတွေက အရပ်သားပိုင်ပစ္စည်းတွေ၊စာသင်ကျောင်းပိုင်ပစ္စည်းတွေနဲ့ ဘာသာရေးအဆောက်အအုံထဲက ပစ္စည်းတွေပါ ခိုးယူသွားကြသလို အိမ်မွေးတိရစ္ဆာန်တွေကိုပါ သတ်ဖြတ်စားသောက်သွားကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာချင်းဆက် သွယ်တန်းထားတဲ့ လမ်းမီးတိုင်တွေကိုဖျက်ဆီးတာတွေပါ လုပ်ဆောင်သွားခဲ့တယ်လို့လည်း CDF-Kanpetlet(ခေါ်နူးတပ်ရင်း) က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးခဲ့တဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ ကျေးရွာ လေးရွာက ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပြီး သူတို့ ထောင်ထားခဲ့တဲ့မိုင်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲတွေ့က မိုင်းရှင်းလင်းရေးတွေ မလုပ်ဆောင်ရသေးတာကြောင့် နေအိမ်တွေကို ပြန်လည်ဝင်ရောက်နေထိုင်လို့ မရသေးဘူးလို့လည်း သိရပါတယ်။
“စစ်ရှောင်နေရတဲ့ ဒေသခံတွေကတော့ ကျွန်တော်တို့က မိုင်းရှင်းလင်းရေးမလုပ်ရသေးလို့ ရွာကိုပြန်ဝင်လို့မရသေးဘူး။ နောက်ထပ် နှစ်ရက်၊ သုံးရက်နေလို့ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ပြီးသွားရင် ပြန်ဝင်လို့ရပြီပေါ့။ အခုလက်ရှိမှာတော့ ယာယီသည်းခံပေးကြဖို့ မေတ္တာရပ်ခံထားတယ်”လို့ CDF-Kanpetlet(ခေါ်နူးတပ်ရင်း) တာဝန်ရှိသူက ပြောပါတယ်။
CDF-Kanpetlet ( ခေါ််နူး တပ်ရင်း )