သြဂုတ်၊ ၂
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်း ပေါ်ပေါက်လာပြီးချိန်မှစ၍ သံတမန်ရေးနှင့် ဆက်စပ်နေသော မြန်မာပြည်တွင်း နိုင်ငံရေးဟာ တဖန်ပြန်ပြီး လှုပ်လှုပ်ခပ်ခပ်ဖြစ်လာတာကို တွေ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်တခုဆီသို့ အကျယ်ချုပ်ပြောင်းရွှေ့လိုက်သည်ဆိုသော နောက်ဆက်တွဲသတင်းနှင့်အတူ မကြာမီတွင်ဖြစ်ပေါ်လာချေရှိသော နိုင်ငံရေးအခင်းအကျင်းများကို အကောင်းမြင်၊ အဆိုးမြင် ရှု့ထောင့်အသီးသီးမှ သုံးသပ်ဝေဖန်မှုများလည်း ထွက်ပေါ်လျှက်ရှိသည်။
တကယ်တော့ စကစ ၏ ယခုရွှေ့လိုက်သော နိုင်ငံရေးကစားကွက်သည် အသစ်အဆန်းမဟုတ်ပဲ စစ်အာဏာရှင်အဆက်ဆက် ကျင့်သုံးခဲ့သော ဓါတ်ပြားဟောင်းကြီး ဖြစ်သည်။ အထူးသဖြင့် စစ်အာဏာရှင်တို့၏ နိုင်ငံရေး နိမ့်ပါးချိန်တွင် ထုတ်သုံးလေ့ရှိသော ကစားကွက်ပင်ဖြစ်သည်။
▪မင်းအောင်လှိုင်၏ ဒေါ်အောင်ဆန်းစုကြည်အပေါ်သဘောထား
မင်းအောင်လှိုင် ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားမှာ အဓိက (၂)ချက်သာ ရှိပါသည်။
(၁) ဒေါ် အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရေးက အပြီးတိုင်ဖယ်ထုတ်ရေးနှင့်
(၂) မအလဟာ သူရဲ့အကျိုးစီးပွားအတွက် လိုအပ်လျှင် ဒေါ် အောင်ဆန်းစုကြည်အား ရသလောက်အသုံးချရေး ပင်ဖြစ်သည်။
မအလ၏ အန္တိမ ရည်ရွယ်ချက်ကတော့ နံပတ် (၁) ဖြစ်ပြီး နံပတ် (၁) မအောင်မြင်မှသာ နံပတ် (၂)ကို နောက်ဆုံးပိတ်နည်းလမ်း တခုအနေနှင့် အသုံးချရန်ဖြစ်သည်။ လက်ရှိအခင်းအကျင်း အရတော့ မင်းအောင်လှိုင်ဟာ သူရဲ့ နံပတ် (၁)အစီအစဉ် မအောင်မြင်တော့ဟု သုံးသပ်ရမှာဖြစ်သလို၊ အခြေနေမဟန်မှ ထုတ်သုံးရမည့် အစီအစဉ်ကို ထုတ်သုံးလိုက်ပြီ ဖြစ်သောကြောင့် မင်းအောင်လှိုင်၏ အခြေနေယိမ်းယိုင်နေပြီဟု အကဲခတ်သူ တော်တော်များများမှ ထင်ကြေးပေးကြသည်။
▪ဒေါ်အောင်ဆန်းစုကြည်ကကောအသုံးချခံမှာလား
ယခုတကြိမ် စစ်အာဏာရှင်များမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြံစည်မှုသည် ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှု ကဲ့သို့ပင် ဆိုးရွားပြီး ဂိတ်ဆုံး၊ လက်ကုန် ယုတ်မာမှုကြီးပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကြောမှာ သွေးစက်များ မခြောက်သေးသလို၊ ပြည်သူများ၏ ရင်ဝမှ ဒဏ်ရာများသည်လည်း သွေးစိမ်းရှင်ရှင် ထွက်လျှက်ပင် ရှိသေးသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လိုသလို စွပ်စွဲထားသောအမှု (၁၉) မှုဖြင့် ထောင်ဒဏ် (၃၃)နှစ် ချမှတ်ထားပြီး တရားရေးဌာန၊ ပြည်ထဲရေးအကျဉ်းဦးစီးဌာန တို့တွင် သူမအား ရာဇဝတ်အကျဥ်းသားတဦးအဖြစ် မှတ်ပုံတင်ထားပြီးဖြစ်သည်။
နေအိမ်အကျယ်ချုပ်ပြောင်းလိုက်သည့်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်သားအဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့်တိုင် သူမအပေါ် မတရားချမှတ်ခဲ့သည် ရာဇဝတ်မှု မှတ်တမ်းများကို မည်သို့မည်ပုံ ပယ်ဖျက်ပေးမှာလဲဆိုသည့် မေးခွန်းများ ပေါ်ထွက်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမတဦးတည်းဆန္ဒအရ ခွင့်လွှတ်ကျေအေးနိုင်ခဲ့ရင်တောင်မှ ပြည်သူထောင်သောင်းပေါင်းများစွာအနေနှင့် မိမိတို့မိသားစုဘဝတွေ ခံစားခဲ့ရသော ဒုက္ခများအတွက် မင်းအောင်လှိုင်အပေါ် ခွင့်လွှတ်ကျေအေးဖို့ရာမှာတော့ ခက်ခဲနေမည်မှာ အမှန်ပင်ဖြစ်သည်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကို စစ်တပ်နှင့် ယုံယုံကြည်ကြည်လုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ယခုအကြိမ်တွင်လည်း စကစနှင့် ရင်ကြားစေ့ရေး လမ်းကြောင်းပေါ် ပြန်လည်ရောက်သွားမလားဆိုသည့် စိုးရိမ်မှုများ ပေါ်ထွက်နေခြင်းများကို အကြောင်းပြု၍ စကစ မှ ဒေါ်အောင်ဆန်းစုကြည်နှင့် NUG, EROs, PDF နှင့် နွေဦးအင်အားစုများအကြား သွေးခွဲရေးကို ဗျူဟာတရပ်အဖြစ် ကျင့်သုံးရန် ကြံစည်လာခြင်းပင်ဖြစ်သည်။
သို့သော်ဒေါ်အောင်ဆန်းစုကြည်သည် ဉာဏ်ပညာနှင့်ပြည့်စုံပြီး မြန်မာ့နိုင်ငံရေး အတွေ့အကြုံ များစွာရှိထားသူ တယောက်အဖို့ သာမန်လူတယောက်ပင် တွေးတောနိုင်သည့် အချက်ကို သူမအနေနှင့် မတွေးနိုင်စရာ အကြောင်းမရှိပါ။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင်များ၏ ယုတ်မာကောက်ကျစ်မှု၊ စိတ်သဘောထားမမှန်မှု များကို သိလျှက်နှင့် ရင်ကြားစေ့ရေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဝေဖန်မှုများကြားမှ စစ်အာဏာရှင်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ဖော်ဆောင်ခဲ့သော်လည်း သူမ ပြတ်သားရမည့် ကိစ္စများအပေါ်၌လည်း ပြတ်ပြတ်သားသားတင်းတင်းမာမာ ရပ်တည်ခဲ့သည်ကို မင်းအောင်လှိုင် အာဏာမသိမ်းမီကာလများတွင် တွေ့မြင်နိုင်ပါသည်။
မည်သို့ပင်ဆိုစေ စစ်တပ်အပေါ် သူမ၏ ရင်ကြားစေ့ရေး မအောင်မြင်ခဲ့သော်လည်း ယင်းကြိုးပမ်းဆောင်ရွက်ချက်များသည် တိုင်းပြည်အပေါ် စေတနာထား၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဆိုသည့် အချက်ကိုတော့ ပြည်သူအများစုက နားလည်မှုပေးခဲ့ကြသည်။ ထို့အပြင် သူမအပေါ် လက်သည်းဝှက် လုပ်ကြံခဲ့ကြသူများ၏ ကလဲ့စားချေမှု အပေါ်မှာလည်း ရဲရဲဝံ့ဝံ့၊ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြတ်သန်းနေမှု များသည် မြန်မာနိုင်ငံရေးသမိုင်းတွင်သာမက၊ ကမ္ဘာပေါ်တွင်ပါ လေးစားထိုက်သည့် နိုင်ငံရေးခေါင်းဆောင်အဖြစ် ထပ်ခါထပ်ခါ မှတ်ကျောက်တင်နေခြင်းပင်ဖြစ်သည်။
ယခုလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်မှ ” တွေ့ဆုံဆွေးနွေးရေးကို အားပေးသည် ” ဆိုသည့် တာဝန်ခံမှုမရှိသည့် သတင်းစကားများကို စကစ နှင့် သူ၏လော်ဘီများမှ ထုတ်လွှင့်လိုက်ခြင်းသည် စကစ၏ အသိဉာဏ်နိမ့်ပါးသော ပေါပေါပဲပဲ နိုင်ငံရေးကစားကွက်တခု အဖြစ် သိသာထင်ရှားသွားခဲ့သည်။ သို့သော် အာဆီယံ အစည်းဝေးနှင့် ချိန်သားကိုက်ပြုလုပ်လိုက်ခြင်းကြောင့် အာဆီယံအစည်းဝေးသည် ဘောလုံးပွဲကောင်းနေစဉ် ပွဲကြည့်စင်မှ ပရိသတ်တယောက် ကွင်းထဲဝင်ပြေးလာသဖြင့် ပွဲရှိန်တန့်သွားသလိုတော့ ဖြစ်ခဲ့ရသည်။
ဤရလဒ်သည် မင်းအောင်လှိုင်၏ အောင်ပွဲလို့ သတ်မှတ်လို့ရသော်ငြားလည်း တဘက်တွင် ” ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဌကို ပစ်ပယ်လို့မရပါ ” ဆိုသည့်အချက်ကို ကမ္ဘာကို ဝန်ခံလိုက်ရသည်ကိုတော့ မင်းအောင်လှိုင် သတိချပ်မိပုံမပေါ်ဟု ဝေဖန်သုံးသပ်ကြသည်။
▪ဒေါ်အောင်ဆန်းစုကြည်၏ ပင်ကိုယ်စရိုက်
ထိုသို့သောအခြေနေတွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ထိုနှုတ်ထွက်စကားများကို တကယ်ပြောခဲ့သလား၊ ပြောခဲ့လျှင်တောင်မှ မည်သို့သော ရည်ရွယ်ချက်နှင့် ပြောခဲ့သနည်းဆိုသည့် မေးခွန်းများကို သူမနှင့်တွေ့ဆုံခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဝေ့လည်ကြောင်ပတ်လုပ်နေခြင်းကိုက ရိုးသားမှုမရှိသည့် သံတမန်နိုင်ငံရေးပြကွက်တခုကို ကမ္ဘာ့မျက်နှာစာတွင် မြင်တွေ့နေရခြင်းပင်ဖြစ်ပြီး အင်မတန်အကျည်းတန်လွန်းလှသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆိုသူသည်လည်း သံတမန်ပြည့်တန်ဆာ ဘဝ ဖြစ်မှန်းမသိ ဖြစ်သွားရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပင်ကိုယ်စရိုက်အရ တာဝန်ယူမှု၊ တာဝန်ခံမှုကို အလွန်တန်ဖိုးထားသူဖြစ်ပြီး၊ သူ့တာဝန်ခံမှုနှင့် မပတ်သက်သော အရေးကိစ္စများတွင်လည်း သူမအနေနှင့် လက်လွတ်စပယ် ဝင်ရောက်ဆုံးဖြတ်လေ့ မရှိသည်ကို တွေ့ရလေ့ရှိသည်။ ကျင့်ဝတ်ကို တန်ဖိုးထားလေးစားသူ ဖြစ်သည်။
တကယ်တော့ မင်းအောင်လှိုင် အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်လာသော နွေဦးတော်လှန်ရေး ဆန္ဒပြမှုများ၊ CDM လှုပ်ရှားမှုများ၊ ရရာလက်နက်စွဲကိုင်၍ ခုခံတော်လှန်ခဲ့ကြသော လှုပ်ရှားမှုများ အားလုံးသည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု၊ ညွန်ကြားမှု၊ စေခိုင်းမှုများ ကြောင့်မဟုတ်ဘဲ၊ ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားပေါင်းစုံ စုပေါင်းဦးဆောင်မှုဖြင့် ချီတက်ခဲ့သော ပြည်သူ့တော်လှန်ရေးတရပ် စစ်စစ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ စစ်ကျွန်ဘဝ ကျရောက်နေသော မြန်မာပြည်သူတရပ်လုံး လွတ်မြောက်ရန်အတွက် ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးတရပ်ဖြစ်သည်။
ဆိုလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခဲ့သည့် အင်မတန်အရေးကြီးသော တော်လှန်ရေးကိစ္စရပ်များအပေါ် သူမအနေနှင့် ပြီးစလွယ် ဝင်ရောက်ဆုံးဖြတ်ချက်ချမှတ်ခြင်းမျိုး ပြုလုပ်လိမ့်မည်မဟုတ်၊ မဖြစ်မနေ မှတ်ချက်ပေးရမည်ဆိုလျှင်ပင် သူမအနေနှင့် အရင်ဆုံး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်၊ အခြေအနေအရပ်ရပ်ကို သိရှိနားလည်ခွင့်ရအောင် ပြုလုပ်မှာသေချာပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့အစည်းဆိုင်ရာကျင့်ဝတ်၊ ပုဂ္ဂလိကဆိုင်ရာကျင့်ဝတ် တို့ကို အထူးတန်ဖိုးထား လိုက်နာသူတယောက်ဖြစ်သောကြောင့် ယခု ထွက်ပေါ်နေသော နွေဦးတော်လှန်ရေး အဖွဲ့အစည်းများနှင့်ပတ်သက်သည့် သူမ၏ မှတ်ချက်သဘောထားများ ဆိုသည်မှာ မင်းအောင်လှိုင်၏ မျက်ကလူးဆန်ပြာ၊ အောက်တန်းစား နိုင်ငံရေးတိုက်ကွက် တခုသာဖြစ်သည်ကို ပြည်သူအများစုက သဘောပေါက်နေကြသည်။
▪ဘာကြောင့်နွေဦးတော်လှန်ရေးအလားအလာကောင်းရသလဲ
ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းမှသည် ခုခံတော်လှန်ရေးဆီသို့ ပြောင်းလဲဆင်နွဲခဲ့သော နွေဦးတော်လှန်ရေးသည် သုံးနှစ်နီးပါး သက်တမ်းရှိခဲ့ပြီဖြစ်ပြီး တော်လှန်ရေးအရှိန်အဟုန် တဖြေးဖြေး မြင့်မားလာမှုနှင့်အတူ ပြောက်ကျားစစ်၊ ခုခံစစ်မှ၊ ထိုးစစ်အသွင်သို့ ကူးပြောင်းခဲ့ပြီး စိုးမိုးနယ်မြေများ သိမ်းပိုက်နယ်မြေများဖြင့် အောင်ပွဲများစွာ ရရှိနေပြီဖြစ်သည်။
ထိုသို့အောင်ပွဲများ ရရှိရခြင်း၏ နောက်ကွယ်တွင် အဓိကအကြောင်းတရား တခုထဲရှိပါသည်။ယင်းမှာ –
ပြည်တွင်းပြည်ပရှိ နွေဦးတော်လှန်ရေးကို အဓိကပါဝင်နေကြသူများနှင့် ထောက်ပံ့အာပေးကူညီနေကြသူများ အားလုံးသည် ကိုယ်ပိုင်တော်လှန်ရေး ဗျူဟာကို ချမှတ်နိုင်ခဲ့ပြီး၊ ယင်းဗျူဟာကို ပြတ်ပြတ်သားသား၊ ခိုင်ခိုင်မာမာ အကောင်ထည်ဖော်နိုင်နေခြင်းကြောင့်ဖြစ်သည်။
များသောအားဖြင့် ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တော်လှန်ကြရာတွင် တော်လှန်အင်အားစုများသည် စစ်အာဏာရှင်ချမှတ်သော ဗျူဟာအခင်းအကျင်း နောက်တွင်သာ လိုက်ပါရင်ဆိုင်ခဲ့ရသည်။ သူ့တို့ကစားကွက် နောက်ကိုသာ လိုက်ပါအံတုခဲ့ရသည်။ ယခုအခါတွင်လည်း မင်းအောင်လှိုင်က ထိုဗျုဟာအတိုင်း ခင်းကျင်းခဲ့သည်။
– လက်နက်အားကိုးဖြင့် အာဏာကိုသိမ်းယူသည်၊
– ၎င်းတို့စိတ်တိုင်းကျ ရွေးကောက်ပွဲစနစ် (PR စနစ်ကို အစားထိုးခြင်း) ကို တဖက်သတ်ပြင်ဆင်ပြီး၊
– ၎င်းတို့စိတ်တိုင်းကျ ရွေးကောက်ပွဲများ ကျင်းပ၍၊ စစ်တပ်တမတ်သားနှင့် PR စနစ်ကြောင့် ရလာမည့် ကြံ့ဖွတ်အမတ်များ ပူးပေါင်းကာ ထာဝရအာဏာဆုပ်ကိုင်ရန် ဗျူဟာချမှတ်ကြံစည်ကြခြင်း ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံနှင့် PR စနစ်ပါဝင်သော ရွေးကောက်ပွဲစနစ်သာ အတည်ပြုနိုင်ခဲ့ပြီးလျှင် ဖြစ်ပေါ်လာသော ရွေးကောက်ပွဲသည် မင်းအောင်လှိုင်အတွက် ထာဝရပန်းခင်းလမ်း ဖြစ်မည်ဖြစ်သောကြောင့် စကစအတွက် အလွန်အရေးကြီးသော မဟာဗျူဟာ ဖြစ်ခဲ့သည်။ ထိုဗျူဟာတွင် NLD ပါဝင်ခဲ့လျှင်လည်း သူတို့အတွက် တရားဝင်မှု ပိုမိုရရှိမှာဖြစ်ပြီး ၊ NLD မပါဝင်ခဲ့လျှင်လည်း စကစ ၏ အလံရှူးပါတီများဖြင့် ရွေးကောက်ပွဲကို ကျင်းပပြီး ၂၀၁၀ အခင်းအကျင်းကဲ့သို့ မင်းအောင်လှိုင်က တရားဝင်အုပ်ချုပ်သွားမည်ဖြစ်သည်။
ကမ္ဘာကြီးကလည်း ရွေးကောက်ပွဲဖြင့်တက်လာသော အစိုးရ ဖြစ်သဖြင့် မလွှဲသာမရှောင်သာ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ကာ မြန်မာပြည်သူများ စစ်ကျွန်ဘဝတွင် စုံးစုံးမြုပ်မည့် အခြေနေပင်ဖြစ်သည်။
သို့သော် ယခုတကြိမ်တွင် နွေဦးတော်လှန်ရေး အင်အားစုများသည် မင်းအောင်လှိုင်၏ ဗျူဟာကစားကွက်နောက်သို့ မလိုက်ဘဲ၊ မိမိတို့၏ ဗျူဟာဖြစ်သော –
– ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ခဲ့သည်
– မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ အစီအစဥ်များကို လုံးဝဆန့်ကျင်ခဲ့သည်
– လက်နက်ကိုင်ခုခံ၍ ဆန့်ကျင့်တော်လှန်ခြင်းဖြင့်သာ စစ်အာဏာရှင်စနစ်ကို အပြီးသတ် အမြစ်ဖြတ်နိုင်မည်ဆိုသော ခိုင်မာသည့် ဗျူဟာကို အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်၊ ကြိုးပမ်းဆောင်ရွက်နေဆဲလည်း ဖြစ်သည်။
ထိုသို့သော တုန့်ပြန်မှု့ကို မထင်ထားသော မင်းအောင်လှိုင်အဖို့ ၎င်းတို့၏ ဗျူဟာမှာ အချည်းအနှီးဖြစ်သွားရပြီး နွေဦးတော်လှန်ရေး၏ ဗျူဟာနောက်သို့ သွေးရှုးသွေးတမ်း လိုက်ကစားနေရသည်၊
– သူ့ခြေ၊ သူ့လက်၊ သူ့အလံရှူးတွေနဲ့ အဆင်သင့် ဖြစ်နေသော်လည်း ရွေးကောက်ပွဲ ဘယ်နေ့လုပ်ရမှန်းမသိ ဖြစ်နေခြင်း၊
– သူ့ဖွဲစည်းပုံကို သူကိုယ်တိုင်ပြန်လည်ချိုးဖောက်ပြီး အရေးပေါ်ကာလသက်တမ်းကို အကြိမ်ကြိမ်တိုးနေရခြင်း၊
– အရင်တုန်းက ဆေးဖော်ကြောဖက်မလုပ်ခဲ့သည့် EAOs အဖွဲ့များကိုပင် မျက်နှာချိုသွေးကာ အောက်ဈေးနှင့်ကြေးညှိနေရခြင်း၊
– သူ့တပ်ထဲတွင်လည်း တိုင်းမှူး၊ တပ်မမှူး အဆင့်များပင် သွယ်ဝိုက်၍ အာဏာဖီဆန်လာကြခြင်း၊
စသည့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ သံတမန်ရေး အဘက်ဘက်မှ ကျဆုံးလာရခြင်းသည် နွေဦးတော်လှန်ရေး အင်အားစုများ၏ ရန်သူ၏ဗျူဟာနောက်ကို မလိုက်ဘဲ မိမိဗျူဟာကို တစိုက်မတ်မတ် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းကြောင့် နွေဦးတော်လှန်ရေးအင်အားစုများ အခြေနေကောင်းနေရခြင်းဖြစ်သည်။
သို့ပါသောကြောင့် ယခုထွက်ပေါ်လာသော၊ နောက်တွင်လည်း ထွက်ပေါ်လာရန်ရှိသော ကောလဟာလ ဆက်နွယ်ထားသည့် အကြောင်းအရာများ နောက်ကို လိုက်ရန်မလိုဘဲ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ထောက်ပံ့နေကြသော ပြည်တွင်းပြည်ပရှိ အင်အားစုများ အားလုံးသည် စစ်အာဏာရှင် အမြစ်မပြတ်သရွေ့ ငါတာဝန်မပြီးဆုံးသေး ဆိုသည့် သံဓိဌာန်ကို ချမှတ်ထားဖို့သာ လိုသည်ဟု တိုက်တွန်းချင်ပါသည်။
နွေဦးတော်လှန်ရေးအောင်မြင်မှု့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားများအားလုံး ခေါင်းမော့ရင်ကော့ပြီး အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာခြင်းကို နွေဦးတော်လှန်ရေး၏ စွမ်းဆောင်ချက်တရပ်အဖြစ် တော်လှန်ရေးတွင် ပါဝင်နေသော အင်အားစုအသီးသီးကို မြန်မာ့သမိုင်းသစ်မှ မော်ကွန်းတင်ပါလိမ့်မည်ဟု ယုံကြည်မိသည်။
နွေဦးနွေ