မုန်တိုင်းနဲ့ ဆက်စပ်တဲ့ မိုးကြီးမှု၊ ရေလွှမ်းမိုးမှုတွေကြောင့် ဘေဂျင်းမှာ လူတဒါဇင်နီးပါးသေဆုံး

သြဂုတ်၊ ၂

တိုင်ဖွန်းမုန်တိုင်းနဲ့ ဆက်စပ်ပြီး တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းမှာ ဆယ်စုနှစ် တခုစာ ကာလအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှု၊ မြေပြိုမှုတွေ ကြုံတွေ့နေရသလို လူ တဒါဇင်နီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီဟာ ဘေဂျင်းအပြင် တရုတ်နိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ အလွန်အကျွံ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အခု သီတင်းပတ် အစောပိုင်းကစလို့ ဘေဂျင်းမှာ ၂ ရက်ဆက်တိုက် အဆက်မပြတ်နီးပါး မိုးတွေ ရွာသွန်းခဲ့ပြီး လမ်းတွေမှာ ရေလွှမ်းမိုးကုန်ပါတယ်။ တချို့လမ်းတွေမှာ ရေက မြစ်ရေလို အားကောင်းကောင်း စီးဆင်းနေပြီး ကားတွေ၊ သစ်ပင်တွေ၊ ဓာတ်တိုင်တွေကိုပါ တိုက်စား မျောပါစေခဲ့ပါတယ်။

ဆယ်စုနှစ် တခုလောက် ကာလအတွင်း အကြမ်းတမ်းဆုံး ရေကြီးမှုတွေကြောင့် ဘေဂျင်းမှာ ၁၁ ဦးထက်မနည်း သေဆုံးပြီး ၂၇ ဦး ပျောက်ဆုံးနေတယ်လို့ အစိုးရပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ နောက်ပြီး မြို့ထဲက လူပေါင်း ၁၂၇၀၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။ ဘေဂျင်းမဟုတ်တဲ့ တရုတ်မြောက်ပိုင်း တခြားအစိတ်အပိုင်းတွေမှာလည်း လူ ၉ ဦးထက်မနည်းသေပြီး ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လူဦးရေ ၂၂ သန်း ဝန်းကျင်လောက် နေထိုင်တဲ့ ဘေဂျင်းဟာ ပုံမှန်အားဖြင့် တလစာလောက်ထိ များပြားမယ့် မိုးရေချိန်ကို ၂ ရက်အတွင်း ရွာသွန်းခဲ့တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရာသီဥတု ဆိုးရွားမှုတွေကြောင့် ဘေဂျင်းက တချို့နေရာတွေမှာ ရထားလမ်းတွေနဲ့ တခြား ပို့ဆောင်ဆက်သွယ်ရေး ကွန်ရက်တွေကိုလည်း ယာယီ ရပ်ဆိုင်းထားရပါတယ်။

ဒေါ့ဆူရီဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ဘေဂျင်းကို ​ဝင်ရောက်ခဲ့တဲ့ အဆိုးဆုံး မုန်တိုင်းလည်း ဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ ၁၁ နှစ်ကျော်တုန်းကတော့ ဘေဂျင်းမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားပြီး လူ ၇၇ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြပါတယ်။

ဒေါ့ဆူရီ တိုင်ဖွန်းဟာ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်တို့ကို ကျော်ဖြတ်ပြီးမှ တရုတ်ကို ရောက်လာတာဖြစ်ပြီး အဲဒီ ဒေသတွင်း နိုင်ငံနှစ်ခုမှာလည်း ထိခိုက်ပျက်စီးမှုတွေ၊ အသေအပျောက်တွေ ကြုံတွေ့စေခဲ့ပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်က ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေကို အစွမ်းကုန် အရှိန်မြှင့်နိုင်အောင် ကူညီ ဆောင်ရွက်ပေးကြဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ဩဂုတ် ၁ ရက်မှာ အထူးညွှန်ကြားချက် အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုတွေရဲ့ ဆုံးရှုံးမှု တန်ဖိုးကို ခန့်မှန်းဖို့ မလွယ်သေးပေမယ့် ပုံမှန် ဆောင်းဦးကာလ ရိတ်သိမ်းရာသီ မတိုင်ခင် သီတင်းပတ် အနည်းငယ် အလိုမှာ ကောက်ပဲသီးနှံ အမြောက်အမြား ဆုံးရှုံးကုန်တယ်လို့တော့ သိရှိရပါတယ်။

ဒေါ့ဆူရီဟာ တရုတ်နိုင်ငံ တောင်ပိုင်း ဖူကျန်းဒေသကို စတင် ကုန်းတွင်းဝင်ရောက်ပြီး ဘေဂျင်းနဲ့ မြောက်ဖက် ဒေသတွေဆီ ဆက်လက် ရွေ့လျားရင်း အားပျော့လာပေမယ့် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကို ဖြစ်ပေါ်စေခဲ့ကြောင်း မိုးလေဝသ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

 

Ref: CNN