ဇူလိုင်၊ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမည်ခံပြီး အစုရှယ်ယာတွေ ရောင်းချကာ လူဦးရေ အများအပြားဆီက ငွေကျပ်သိန်းပေါင်းသောင်းချီ လိမ်လည်ထွက်ပြေးသွားသူတွေကို အမှုဖွင့်တိုင်ကြားဖို့ ကြိုးပမ်းခဲ့ပေမယ့် ရဲစခန်းက လက်မခံဘူးလို့ နစ်နာခဲ့သူတချို့က DNA ကိုပြောပါတယ်။
“ ရဲစခန်းက ပြောတာက အမှုဖွင့်လို့ မရဘူးတဲ့၊ လူက နည်းတော့တဲ့၊ လူအယောက်တရာလောက် ဖွင့်ရင်တော့ ရတာပေါ့နော်၊ သွားဖွင့်တဲ့သူတွေကတော့ မရဘူးပြောတယ် ” လို့ အဲဒီဖြစ်စဉ်မှာ နစ်နာခဲ့သူတဦးက ပြောပါတယ်။
တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ ရေထွက်ဦးလမ်း ပေါ်မှာ ရုံးဖွင့်လှစ်ခဲ့တဲ့ Invescog Management ကုမ္ပဏီက အစုရှယ်ယာတွေ ရောင်းချကာ လိမ်လည်ထွက်ပြေးသွားခဲ့တာကြောင့် ငွေကြေးဆုံးရှုံးခဲ့သူတွေက တောင်ကြီးမြို့မှာရှိတဲ့ အမှတ် (၁)နဲ့ အမှတ် (၂) ရဲစခန်း နှစ်ခုလုံးမှာ အခုရက်ပိုင်းအတွင်း အမှုဖွင့်တိုင်ကြားဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။
“ (ငွေ)ပါသွားတဲ့သူတွေကတော့ အယောက်တထောင်ကျော်တယ်၊ ဒါပေမယ့် ပါတဲ့သူက ရန်ကုန်၊ မန္တလေး နယ်အစုံ နေရာအစုံဆိုတော့ ဆက်သွယ်ရတာ အခက်ခဲဖြစ်တာပေါ့နော်၊ အခုက စခန်းက အမှုဖွင့်မပေးရင် တရားရုံးတိုက်ရိုက် တင်ဖို့ ရှိတာပေါ့၊ ဘယ်သူ့ဆီမှ အကူအညီမရတော့ ဘာဆက်လုပ်ရမလဲ မသိဘူးဖြစ်နေကြတယ် ” လို့ နစ်နာခဲ့သူတဦးက ပြောပါတယ်။
ရဲစခန်းတွေအနေနဲ့ အမှုဖွင့်ဖို့ တိုင်ကြားလာတဲ့အပေါ်မှာ မှတ်တမ်းရယူပြီး ရဲလုပ်ငန်းနဲ့အညီသာ ဆောင်ရွက်ရတာဖြစ်ပြီး အခုလို လူနည်းအများအပေါ် မူတည်ဆုံးဖြတ်လို့ မရဘူးလို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။
“ လူနည်းလို့ အမှုမဖွင့်မပေးဘူး ဆိုတာမျိုးတော့ မဟုတ်လောက်ဘူးပေါ့၊ ရဲအရေးမပိုင်တဲ့ အမှုတွေဖြစ်လို့ လက်မခံတဲ့ သဘောမျိုး နေမှာပါ၊ ဒါပေမယ့် ရဲစခန်းကတော့ သူနဲ့မဆိုင်ဘူးဆိုရင်တောင် တရားရုံးမှာ ဘယ်လိုဦးတိုက် လျှောက်လို့ရတယ်၊ ဘာဆက်လုပ်ရမယ် ဆိုတာမျိုးတော့ လမ်းညွန်ပေးလို့ ရတာပေါ့နော်၊ သူရဲ့အမှုဖြစ်စဉ်ပေါ်မှာ မူတည်ပြီးတော့ ဒါက ရဲအရေးပိုင်တယ်၊ မပိုင်ဘူး ဆိုတာ ပြောရမှာပေါ့ ” လို့ အဲ့ဒီတရားလွှတ်တော်ရှေ့နေက ရှင်းပြပါတယ်။
Invescog Management အမည်ရကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမည်ခံကာ ဒေသခံတွေကို အနည်းဆုံး ကျပ်ငါးသိန်းကစလို့ အစုရှယ်ယာတွေ ထည့်ဝင်စေခဲ့ပြီး အခုလဆန်းမှာတော့ ကုမ္ပဏီတာဝန်ရှိသူတွေ ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ရှယ်ယာဝယ်ခဲ့ကြတဲ့ လူဦးရေထောင်ချီ ဆုံးရှုံးခဲ့ကြတာပါ။
ဆုံးရှုံးမှု ငွေပမာဏ ဘယ်လောက်အထိ ရှိတယ်ဆိုတာ အတိအကျပြောဖို့ ခက်ပေမယ့် စုစုပေါင်း ကျပ်သိန်းပေါင်း သောင်းချီ ရှိနိုင်တယ်လို့ ကုမ္ပဏီမှာ ငွေကြေးထည့်ဝင်ခဲ့သူတွေက ပြောကြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလို့ မရတာကြောင့် တရားရုံးကနေ တရားစွဲမယ်ဆိုရင်လည်း ငွေကြေးကုန်ကျမှုတွေ ထပ်ရှိလာမှာကို နစ်နာသူတွေက စိုးရိမ်နေကြပါတယ်။
“ တရားရုံးကို ရှေ့နေတွေနဲ့ သွားမယ်ဆိုရင်တောင် ကုန်ကျစရိတ်က နောက်ထပ်သိန်းတရာလောက် ကုန်မှာပေါ့နော်၊ သိန်းရာချီ နစ်နာဆုံးရှုံးထားတဲ့အပြင် တရားစွဲချိန်မှာ ဥပမာ လေးငါးယောက်ရှိတယ်ဆိုတောင် တယောက် နှစ်ဆယ်လောက် ထပ်ကုန်ရအုန်းမယ်ဆိုတော့ ဘယ်သူမှ မကုန်ချင်တော့ဘူးလေ၊ ပိုက်ဆံပြန်ရဖို့က မသေချာဘူး၊ အခုက ဌာနဆိုင်ရာဆိုလည်း ပိုက်ဆံမပေးရင် ဘယ်သူမှ အလုပ်လုပ်မပေးဘူးလေ “ လို့ နစ်နာသူတဦးက ပြောပါတယ်။
Invescog Management ကုမ္ပဏီတာဝန်ရှိသူတွေဟာ အခုလဆန်းပိုင်းမှာ အစုရှယ်ရှင်တချို့ကို ဖိတ်ခေါ်ပြီး ကုမ္ပဏီရဲ့ ဘဏ်စာရင်းတွေ အမေရိကန်နိုင်ငံမှာ ပိတ်ဆို့ခံလိုက်ရကြောင်း စတင်အသိပေးခဲ့ပါတယ်။
အဲ့ဒီလို အသိပေးအပြီး နောက်တရက် ဇူလိုင် ၄ ရက်မှာတော့ ကုမ္ပဏီတာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရတော့တာကြောင့် နစ်နာသူတွေက ကုမ္ပဏီပိုင်ပစ္စည်းတွေကို သိမ်းယူဖို့ ပြင်ဆင်ကြရာက လူစုလူဝေးဖြစ်ခဲ့ပြီး စစ်ကောင်စီ ရဲတပ်ဖွဲ့က ကုမ္ပဏီရုံးခန်း ဖွင့်ထားတဲ့ အဆောက်အအုံကို ချိတ်ပိတ်ခဲ့ပါတယ်။
Invescog Management ကုမ္ပဏီဟာ အစုရှယ်ယာ ထည့်ဝင်သူတွေကို ထည့်ဝင်ငွေ ပမာဏအလိုက် အနည်းဆုံး အတိုး ခြောက်ရာခိုင်နှုန်းကနေ ၁၁ ရာခိုင်နှုန်းအထိ သတ်မှတ်ပေးထားပြီး လေးလတကြိမ်လောက် အတိုးငွေကို ပြန်ထုတ်ပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။
ရှယ်ယာ ထည့်ဝင်ကြသူ တချို့ကတော့ ကုမ္ပဏီဆီကနေ ပြန်လည်ရရှိမယ့် အတိုးငွေကိုပါ အရင်းအဖြစ် ထပ်မံထည့်ဝင် ရင်းနှီးမြှုပ်နှံလိုက်ကြတာမျိုးလည်း ရှိတယ်လို့ အဲ့ဒီလုပ်ငန်းနဲ့ ပတ်သက်ခဲ့ကြသူတွေက ပြောပါတယ်။
Invescog Management ကုမ္ပဏီကို ၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ကုမ္ပဏီမှတ်ပုံပြန်တင်ကာ လည်ပတ်ခဲ့ပြီး ကိုကျော်ဇင်ထက် ဆိုသူက CEO အဖြစ် ဦးဆောင်တဲ့ ဘုတ်ဒါရိုက်တာ လေးဦးနဲ့ လုပ်ကိုင်ခဲ့တာလို့ ငွေကြေးလိမ်လည်ခံရသူတွေက ပြောပါတယ်။
ငွေကြေးလိမ်လည်ခံရသူတွေထဲမှာ တောင်ကြီးမြို့ပေါ်က ဘုန်တော်ကြီး၊ ပင်စင်လခစား ဝန်ထမ်းတွေ၊ အသေးစား လုပ်ငန်းရှင်တွေ၊ ဆရာဝန်တွေ၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ ရှေ့နေတွေ စတဲ့ လူတန်းစား အလွှာစုံ ပါဝင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ – Social Media