ကျိုက်ထိုမှာ စစ်ကောင်စီနဲ့ KNLAပူးပေါင်းတပ် တိုက်ပွဲအတွင်း အရပ်သားတဦးသေဆုံး

ဇူလိုင်၊ ၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ မနေ့က မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့ နှစ်ဖက်ပစ်ခတ်မှုအတွင်း အရပ်သားသုံးဦးလည်း သေနတ်နဲ့ပစ်ခတ်ခံရပြီး တဦးကတော့ နေရာမှာပဲ ဆုံးသွား တယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကပြောပါတယ်။

“တိုက်ပွဲဖြစ်တော့ ဒီကောင်တွေ(စစ်ကောင်စီ)က လမ်းမှာ ဆိုင်ကယ်နဲ့ လာတဲ့ ကောင်လေးတယောက်ကို သေ နတ်နဲ့ လှမ်းပစ်တာ၊အဲမှာပဲ ပွဲချင်းပြီးသေတယ်၊ နောက်နှစ်ယောက်က လင်မယားပေါ့နော်၊ ဈေးလာရောင်းတဲ့ ပြည်သူလား၊ ဒညှင်း သီးဝယ်ရောင်းလုပ်တဲ့ လင်မယားနှစ်ဦးကိုလည်း သေနတ်နဲ့လှမ်းပစ်လိုက်တယ်၊ သူတို့နှစ်ဦး လည်း ထိတယ်၊ အဲဒါကတော့ သေမသေတော့ သေချာ အတည်မပြုနိုင်သေးဘူး၊ တယောက်ကတော့ အတည်ပြု နိုင်တယ်” လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုအေးမင်းထွန်းက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် နေရာမှာပဲ သေဆုံးသွားသူဟာ ငှက်ပျောတောကျေးရွာအုပ်စု ပိ တောက်စုပိုင်းနေ အသက်သုံးဆယ်ဝန်းကျင်အရွယ် ကိုပိုချစ်ဦးဖြစ်ပြီး သေနတ်ဒဏ်ရာရရှိသွားတဲ့ အရပ်သား လင်မယားနှစ်ဦးကတာ့ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။

“ဒဏ်ရာရတဲ့ နှစ်ယောက်နဲ့က ဆက်သွယ်လို့ မရသေးဘူး၊ ဒီရွာက မဟုတ်ဘူးလို့ ပြောနေကြတယ်၊ အခုသူတို့နှစ် ယောက်ဘယ်လောက်ထိ ဒဏ်ရာရသွား သလဲကို သိဖို့က ဒီက ရွာသားတွေနဲ့အတူပဲ လိုက်မေးနေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်လာတဲ့ အင်အားတရာဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ KNLA ၊PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ မနေ့က မနက် ခုနစ်နာရီလောက်က ငှက်ပျောတောကျေးရွာအုပ်စု ဇီးကုန်းကျေးရွာ မှာ ထိပ်တိုက်တွေ့ကြရာကအပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

နှစ်ဖက်ပစ်ခတ်မှုဖြစ်နေချိန်အတွင်း ဆိုင်ကယ်မောင်းနှင်လာတဲ့ ဒေသခံအရပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့ တွေက ရည်ရွယ်ချက်ရှိရှိ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကပြောကြ ပါတယ်။

စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက် နှစ်နာရီဝန်းကျင်ကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ကြပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံးဦးထက်မနည်း သေဆုံးနိုင်ပေမယ့် တိတိကျကျ အတည်မပြုနိုင်သေးဘူးလို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုအေးမင်းထွန်းကပြောပါတယ်။

“အလောင်းကို မမြင်သေးတော့ အတည်မပြုနိင်သေးဘူး၊ အခုက အဲဒီတိုက်ပွဲဖြစ်တဲ့ နေရာကို နယ်မြေရှင်းလင်း ရေးလုပ်နေတယ်၊ ဒီမှာ စစ်တပ်က သေသွားတဲ့အလောင်းကို မြှပ်သွားတယ်လို့ သိထားတယ်၊ အဲဒါကို ရှာနေတာပေါ့” လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဘီးလင်းမြို့နယ်အစပ်ဘက်ခြမ်းကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကရဝေးဆိပ်ကျေးရွာမှ ဒေသခံကိုးဦးကို လူသားဒိုင်အဖြစ်ဖမ်းဆီးခဲ့ပေမယ့် စစ်ကြောင်းထွက်ခွာချိန်မှာ အားလုံးကို ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုအေးမင်းထွန်းက ဆိုပါတယ်။

မနေ့ကတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တဦးမှ ကျဆုံးခဲ့တာမရှိဘူးလို့ PDF ခေါင်းဆောင် ကိုအေးမင်း ထွန်းက ပြောပေမယ့် စစ်ကောင်စီသတင်းတွေဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေကတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးတယ်လို့ ဖော်ပြကြပါတယ်။

ဒါ့အပြင် ဟိုက်ဂျက်မော်တော်ယာဉ်နှစ်စီး၊ ဆိုင်ကယ်တစီး၊ ကျည်တောင့်မျိုးစုံ၊ ဗုံးသီးမျိုးစုံ၊ ယူနီးဖောင်းတချို့နဲ့ ဆက်စပ်ပစ္စည်း တချို့ကိုလည်း စစ်ကောင်စီဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ အဲ့ဒီချန်နယ်တွေက ဆိုပါတယ်။