မြန်မာမပါတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး ဂျာကာတာမှာ စတင်ကျင်းပ

ဇူလိုင်၊ ၁၁
 
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး နဲ့ ဆက်စပ်အစည်းအဝေးတွေကို ဇူလိုင်လ ၁၁ ရက် ဒီကနေ့မှာ စတင်ကျင်းပနေပြီး မြန်မာ့အရေးကို အဓိကထား ဆွေးနွေးကြမယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
 
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ နှစ်ရက်တာကျင်းပမယ့် အဲဒီအစည်းအဝေးမှာ အာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားတာ မပြုလုပ်ဘဲ ကျင်းပမှာဖြစ်သလို မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်အရေး လွှမ်းမိုးမယ့် အစည်းအဝေးလို့လည်း AFP သတင်းတရပ်မှာ ဖော်ပြထားပါတယ်။
 
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းခေါင်းဆောင်က အာဆီယံသဘောတူညီချက် ငါးချက်ကို သဘောတူညီခဲ့ပေမယ့် အကောင်အထည်ဖော်မှု ပျက်ကွက်တယ်လို့ နိုင်ငံတကာက ဝေဖန်ခံနေရတာပါ။
 
ဒါ့အပြင် အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးတွေ၊ နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေနဲ့ အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးတွေမှာလည်း အာဏာသိမ်းစစ်ကောင်စီကို မဖိတ်ကြားဘဲ ချန်လှပ်ထားတာဖြစ်ပါတယ်။
 
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့ အချက်တွေအပါအဝင် အာဆီယံသဘောတူညီချက် ငါးချက်က်ို လိုက်နာမယ်လို့ ကတိပေးထားတာပါ။
 
အဲဒီအချက်တွေ အကောင်အထည်ဖော်မှု နှေးကွေးတယ်လို့ ဝေဖန်ခံနေရတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ အဖွဲ့ဝင်နိုင်ငံတချို့က အဆိုပြုထားတာတွေ ရှိပေမယ့် အင်ဒိုနီးရှား အပါအဝင် နိုင်ငံအချို့တော့ မပါဝင်ပါဘူး။
 
ပြန်လည်ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းမှုတရပ်အနေနဲ့ ထိုင်းနိုင်ငံမှာ မြန်မာ့အရေး ဆွေးနွေးပွဲ တရပ်ကို ပြီးခဲ့တဲ့လက ကျင်းပခဲ့ပြီး စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ကို ဖိတ်ကြားခဲ့လို့ အဖွဲ့ဝင်နိုင်ငံတွေအကြား တက်ရောက်ဖို့ သဘောထားကွဲလွဲမှုတွေလည်း ဖြစ်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Reuters